မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေပုံကျေးရွာကို စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က အကြောင်းမဲ့ မီးဝင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ထဲကနေသွားလာနေတဲ့ စစ်တပ်ဟာ မွန်းလွဲ၂ နာရီလောက်မှာ ရွာကို ဝင်လာပြီး မီးရှို့သွားတာလို့ ဆိုပါတယ်။
မတ္တရာမြို့နယ်ဒေသခံ တယောက်က “ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့ ရွာကိုမီးရှို့တာ အကြောင်းမဲ့ သက်သက်ကို ရှို့တာဗျ။ ဒီခွေးတွေက အင်အား ၆၀ လောက်ပါမယ်ဗျ။ လာတာက ဧရာဝတီမြစ်အတွင်းကနေ ဖလပ်သင်္ဘော ၂ စင်း၊ ခရီးသည်တင် စက်လှေ ၂ စင်းနဲ့ လာရှို့သွားတာဗျ။ မီးလောင်တဲ့ အိမ်အလုံးအရေအတွက်ကတော့ ၅၀ လောက်မီးလောင်တယ်” လို့ ဒီံဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခု စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ကမ်းဘေးက မတ္တရာမြို့နယ်အတွင်းက ကျေးရွာတွေ၊ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်အင်အားအများအပြားနဲ့ ဝင်ရောက် စီးနင်းတာတွေ ပြုလုပ်နေပြီး ကျေးရွာတွေအတွင်း ရှာဖွေခိုးယူ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ နေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။