စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ထဲမှာ အစာအငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်လောက်ကို ထောင်အာဏာပိုင်တွေက သီးသန့်ဆောင်မှာဆောင်မှာ ချုပ်နှောင်ထားပြီး စောင့်ကြည့်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံကနေ သိရပါတယ်။
မုံရွာအကျဉ်းထောင်ထဲကို အထူးရှာဖွေရေးတွေ ဝင်ရောက်စစ်ဆေးပြီး အကျဉ်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး သိမ်းဆည်းခံခဲ့ရတဲ့အတွက် ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အစာအငတ်ခံ ဆန္ဒပြဖို့ စက်တင်ဘာ ၈ ရက် မနက်မှာ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီပြောရေးဆိုခွင့်ရှိသူ တစ်ဦးက " ကနေ့ (စက်တင်ဘာ ၈ ရက်) က အထူး ရှာဖွေရေးဝင်ပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ပစ္စည်းတွေကို အကုန် သိမ်းဆည်းကြပါတယ်။ ဆေးဝါး၊ စောင်၊ ခေါင်းအုံး၊ အစားအစာ အခြောက်အခြမ်း ကအစ အကုန်ပဲ၊ အဝတ်တထည် ကိုယ်တခုပဲ ကျန်ခဲ့တာ၊ အဲဒါတွေနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဆီ ပြန်ပေးဖို့ နိုင်/ကျဥ်းတွေက သွားတောင်းဆိုကြတယ်။ အကျဥ်းဦးစီက သူလုပ်တာ မဟုတ်လို့ မရဘူးလို့ ပြောတယ်။ အဲဒီအခါမှကျမှ နိုင်/ကျဥ်းတွေက သူတို့တောင်းဆိုချက်တွေ ဖြစ်တဲ့ သူတို့ပစ္စည်းတွေ၊ သူတို့အခွင့်အရေးတွေ မရမချင်း အစာငတ်ခံဆန္ဒပြလုပ်မယ်ဆိုပြီးတော့ ဒီနေ့ စလုပ်ကြတာပါ”လို့ ပြောပါတယ်။
အစာအငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သီးသန့်ဆောင်မှာ ချုပ်ထားတယ်လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောပါတယ်။
“စတဲ့ပုံစံက မုံရွာထောင်က အကျဥ်းဆောင် ၇ ဆောင်က တစ်ဆောင် ၂ ယောက်နှုန်းနဲ့ ၁၄ ယောက်ပေါ့။ အဲဒီ အစာငတ်ခံ ဆန္ဒထုတ်ဖော်တဲ့ ၁၄ ယောက်ကို အကျဥ်းထောင်ကလူတွေက သတ်သတ် ခေါ်ထုတ်သွားတယ်။ ခေါ်ထုတ်ပြီးတော့ ထောင်ဝင်းတဲ့မှာရှိတဲ့ သီးသန့်ဆောင်ပေါ့။ ကွာရတင်း ဆောင်လို့ ခေါ်တယ်။ အဲဒီမှာ ချုပ်ထားပြီး အမြဲ စောင့်ကြည့်နေကြတယ်။ နောင်ထပ် ပုံရိပ်ကြီးမားတဲ့ နိုင်/ ကျဥ်းတွေကိုလည်း ကနေ့ပဲ တိုက်ပိတ်ထားတယ်။ ဘယ်နှစ်ဦး ဆိုတာတော့ အတိအကျ မသိပါဘူး။ ထောင်ဝင်စာကိုလည်း လက်မခံတော့ဘူး။”
ဌာနပေါင်းစုံ အထူးရှာဖွေရေးကို အကျဉ်းဦးစီးဌာနက ဆောင်ရွက်တာမဟုတ်ပဲ အထက်အမိန့်အရ ပုံစံနဲ့ စစ်ထောက်လှမ်းရေး၊ ရဲဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက စေလွတ်တဲ့ ရှာဖွေရေး လုပ်ငန်းမျိုး ဖြစ်ပါတယ်။
အဲဒီလို အထူးရှာဖွေရေးတွေဟာ အကျဉ်းဦးစီးဌာနရဲ့ ရှာဖွေရေးတွေနဲ့ မတူပဲ လက်နက်ကိုင် စစ်သားတွေ၊ အကြမ်းဖက် နှိမ်နင်းရေး စစ်သားတွေ၊ နယ်မြေ လုံခြုံရေး ရဲသားတွေနဲ့ အတူ အရပ်ဝတ်တွေ ပါဝင်ဆောင်ရွက်တာမျိုး ဖြစ်တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီတုန်းကလည်း ထောင်ဆူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီလို အထူးရှာဖွေရေး ဝင်ရောက်တာမျိုးရှိခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ ဘာကြောင့် ဆောင်ရွက်တယ် ဆိုတာ မသိရပါဘူး။
အခုဖြစ်စဉ် မတိုင်ခင်မှာ မုံရွာအကျဉ်ထောင်မှာ ထောင်ဝင်စာပေးပို့မှုနဲ့ ပတ်သက်ပြီး တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံဌာနယန္တရားတွေရဲ့ အကျဉ်းသားတွေအပေါ် တမင်သက်သက် ဖိနှိပ် မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ တောင်းဆိုချက် မရမချင်း အစာငတ်ခံ တိုက်ပွဲဝင်မယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။