Home
မြန်မာသတင်း
ကန့်ဘလူတွင် သြဂုတ်လအတွင်း စစ်ကောင်စီတပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်
DVB
·
September 8, 2023
Kant-Ba-Lu-Tsp

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့က သြဂုတ်လအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၁ ဦး အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက “၆ ယောက်ကတော့ စစ်‌ကြောင်းနဲ့ပိတ်မိပြီး အသတ်ခံရတာပါဗျ။ ကျန်တဲ့ ၅ ယောက်ကတော့ ကန့်ဘလူမြို့ပေါ်မှာ မိသားစုလိုက် အသတ်ခံရတာပါဗျ။ ကန့်ဘလူမြို့အထွက် ဘိုးဘွားရိပ်သာနားက သုံးထပ်ဆောင်မှာ သတ်ခံရတာပါ။ ဩဂုတ် ၁၃ ရက်နေ့က ဖြစ်တာပါ။ ဘာကြောင့် သတ်ခံရတာတော့ မ‌ပြောနိုင်ဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ် ၁၃ ရက်က ကန့်ဘလူမြို့ပေါ်၊ အမှတ် ၂ ရပ်ကွက်၊ အင်ကြင်းဥယျာဉ်အနီး နေအိမ်က အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သတ်ဖြတ်ခံရပါတယ်။ 

သေဆုံးသူတွေဟာ ဦးမြင့်ဆွေ ၄၆ နှစ်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ၅၅ နှစ်၊ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး ၃၂ နှစ်၊ ချွေးမဖြစ်သူ မဖြိုးသီရိလှိုင် ၃၁ နှစ်၊ ဦးအောင်မောင်းရဲ့ သမီးဖြစ်သူ မမာမာလင်း ၃၈ နှစ်တို့ ဖြစ်ကြပါတယ်။

ဩဂုတ် ၂၅ ရက်ကလည်း ဇီးကုန်းတိုက်နယ်၊ ဆီဆုံကြီးကျေးရွာက စိတ်ကျန်းမာရေး မကောင်းတဲ့ ကိုနိုင်ဝင်းအောင် (၃၇) နှစ်၊ ရွာသစ်ကျေးရွာမှ ဦးမောင်လွင် (၄၉) နှစ်နဲ့ ဦးထွန်းအောင် (၅၄) နှစ်တို့ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်။

သြဂုတ် ၃၀ ရက်က စစ်ကောင်စီ စစ်ကြောင်းက အင်တောပေါက်တဲတိုက်မှ ဦးကံထွန်း (၆၀) နှစ်၊‌ ဖလံချိုင်ရွာမှ မောင်ကောင်းမြတ် (၂၅) နှစ်နဲ့ ရင်ခတ်ကုန်းရွာမှ မောင်ရဲမင်း (၁၉) နှစ်တို့ ၃ ဦးကို သတ်ဖြတ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက သြဂုတ်လ တလတွင်း ကန့်ဘလူခရိုင်ရှိ ကျေးရွာ ၂ ရွာက ပြည်သူပိုင်နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ကြာတကန် တရွာတည်းက ၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အဆိုပါ  သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024