မြန်မာတွင်းဈေးကွက်မှာ ကြက်သွန်နီဈေး မြင့်တက်လာမှုကြောင့် ဝယ်ယူစားသုံးမှုနှုန်း လျော့ကျလာလို့ ကြက်သွန်နီဈေး ပြန်ကျဆင်းလာတယ်လို့ ကြက်သွန်နီ ရောင်းဝယ်သူတွေထံက သိရပါတယ်။
ဘုရင့်နောင်ဈေးအတွင်းရှိ ပွဲရုံတာဝန်ရှိသူတဦးက “လက်ကားဈေးကွက်မှာပါ ဈေးတွေက မြင့်တော့ ဝယ်ယူစားသုံးတာလည်း နည်းသွားပြီး ဈေးတွေ ပြန်ကျဆင်းသွားတာ” လို့ ပြောပါတယ်။
လက်ရှိ ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ကြက်သွန်ကားအစီးရေ ၁၃ စီး၊ ပိဿာချိန် ၈၀,၀၀၀ နီးပါးသာ အဝင်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် ပိဿာချိန် ၄၀,၀၀၀ နီးပါး အဝင်လျော့သွားကြောင်း သိရပါတယ်။
မုံရွာမြို့နယ်အတွင်းက ကြက်သွန်ကုန်သည်တဦးက “ပြည်တွင်း ကြက်သွန်နီတွေက ဈေးမြင့်တော့ အခု တရုတ်ဘက်က ကြက်သွန်နီတွေပါ ဝင်တယ်လို့ သိရတယ်။ တရုတ်ကြက်သွန်တွေကတော့ အထားမခံတာရယ်၊ အရည်အသွေးပိုင်းက ပြည်တွင်းလောက် မကောင်းလို့ အရောင်းအဝယ်လည်း သိပ်မသွက်ဘူး” လို့ ပြောပါတယ်။
တရုတ်ကြက်သွန်နီက တပိဿာကို ငွေကျပ် ၃,၀၀၀ နီးပါး ပေါက်ဈေးရှိနေတဲ့အတွက် ပြည်တွင်းကြက်သွန်နီ လက်ရှိစျေးကျတာဟာ ယာယီသာဖြစ်နိုင်ပြီး ဈေးကွက်အတွင်း အဝင်နည်းနေတာကြောင့် ထပ်မံ ဈေးမြင့်တက်နိုင်တယ်လို့ ကြက်သွန်ကုန်သည်တချို့က ပြောပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ မုံရွာ) တို့က တပိဿာကို ကျပ် ၂,၇၀၀ ကနေ ၃,၂၅၀ ရှိပြီး တပတ်အတွင်း တပိဿာကို ငွေကျပ် ၃၀၀ နီးပါး ဈေးပြန်ကျဆင်းသွားပါတယ်။
လက်လီဈေးကွက်အတွင်းမှာတော့ နေရာဒေသအလိုက် တပိဿာကို အနိမ့်ဆုံးဈေး ကျပ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။