ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ‘ဝ’ ပြည်အုပ်ချုပ်ရေးအဖွဲ့က တရုတ်နိုင်ငံဘက်ကို စက်တင်ဘာ ၈ ရက်က ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ‘ဝ’ ပြည် ပြင်ပဆက်ဆံရေးတာဝန်ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
‘ဝ’ ပြည် ပြည်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ဒီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့က ဖမ်းဆီးပြီးတော့ အပ်နှံပေးတာ မှန်ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အခုဖမ်းဆီးခံရသူတွေဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်သူတွေနဲ့ လောင်းကစား ပြုလုပ်သူတွေ ဖြစ်တယ်လို့ ‘ဝ’ ဒေသ ပန်ဆန်းမြို့မှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။
ဒီစစ်ဆင်ရေးကနေ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၁၆၈ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦးနဲ့ မလေးရှားနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၂၁ ယောက်ဟာ အွန်လိုင်းလိမ်လည်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတွေဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်း လိမ်လည်မှုတွေ ပြုလုပ်ခဲ့သူတွေလို့ ဆိုပါတယ်။
အဆိုပါ စီးနင်းဖြိုခွင်းဖမ်းဆီးမှုတွေကို ဘယ်နေရာ ဘယ်မြို့တွေမှာ ဘယ်လို ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ တရုတ်ပြည်သူ့လုံခြုံရေးဌာနဘက်ကကော မြန်မာဘက်ကပါ အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှုနဲ့ ပြန်ပေးဆွဲမှုတွေ အပါအဝင် ရာဇဝတ်မှုများ ပြုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရှိတယ်လို့ တရုတ်လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ရှိ ဆက်သွယ်ရေး လိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို အမြစ်ဖြတ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းက ပြောကြားထားပါတယ်။
တရုတ်သံအမတ်ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ ဇူလိုင် ၂၅ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေလို ရာဇဝတ်မှုတွေကို တရုတ်-မြန်မာ ပူးပေါင်းတိုက်ဖျက် နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အထူးညိနှိုင်း ဆွေးနွေးခဲ့ပါတယ်။