ဖြစ်နိုင်လျှင် အာဆီယံအကြောင်းကို ကျနော် မရေးချင်၊ မည်သူကမျှလည်း စိတ်မဝင်စားကြတော့၊ သူတို့၏ ဘယ်ခြောက်ခါ ညာလှမ်း လုပ်ရပ်များကို ပြည်သူများက စိတ်ကုန်လာကြပြီ ဖြစ်သည်။
ယခု အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲများ နီးကပ်လာချိန်တွင် သတင်းများ တမူထူးခြားစွာ ထွက်ပေါ်လာနေပြန်သည်။
ပထမဦးဆုံး ထိုင်းဝန်ကြီးချုပ်သစ်သည် အလုပ်တွေပိပြီး အချိန်မပေးနိုင်တော့၍ ဆိုကာ အာဆီယံအစည်းအဝေးသို့ မတက်ရောက်နိုင်ဟု အကြောင်းကြားလာသည်။ သူသည် စီးပွားရေးသမားပီပီ နိုင်ငံခြားရေးမူဝါဒကို စိတ်ဝင်စားပုံမရ၊ ဦးဆောင်ဦးရွက်ပြုဖို့က ဝေးစွဟုပင် ဆိုရမည်ဖြစ်သည်။ သူသည် ဘဏ္ဍာရေးဝန်ကြီးတာဝန်ပါ ပူးတွဲယူလိုက်ပြီး မြန်မာထက် လက်ရှိတွင် များစွာသာလွန်နေသော ထိုင်းစီးပွားရေးကို ဦးမော့အောင် အဓိကထား လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထိုင်းနိုင်ငံခြားရေး မူဝါဒအဖြစ် အာဆီယံတွင် ထိုင်းအား လူလေးစားခံရသည့်အဆင့် ထိန်းသိမ်းထားရေး၊ တရုတ်-အမေရိကန် အကြားတွင် ဆက်ဆံရေး ထိန်းညှိရေးနှင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများမှ ရိုက်ခတ်လာနိုင်သည့်အရေးကို ကြိုတင်ကာကွယ်ရေးတို့ ဖြစ်သည်ဟုဆိုကာ ထိုင်း ရေနံနှင့် ဓာတ်ငွေ့ PTTEP အကြီးအကဲဟောင်း ပရန်ပရီးဘာဟီဒါနူကာရာအား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဖွေ့ထိုင်းပါတီမှ ရွေးချယ်ခဲ့သူ ဖြစ်သည်။
နောက်တဦးသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ပူပူနွေးနွေး ရွေးချယ်ခံထားရသူ ဟွန်ဆန်၏သား ဟွန်မာနက်သည် သူ၏ ပွဲဦးထွက် နိုင်ငံတကာစင်မြင့်ပေါ်သို့ တက်လှမ်းလာမည် ဖြစ်သည်။ သူသည်လည်း ဟွန်ဆန် ကဲ့သို့ပင် မြန်မာနှင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ဆိုသည်။
လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားကတော့ မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှု မရှိခဲ့ခြင်းကြောင့် အာဆီယံသမိုင်းတွင် အမည်းစက် ထင်ကျန်ရစ်တော့မည် ဖြစ်သည်ဟု ဖွင့်ပွဲနေ့တွင် တက်ရောက်လာသော နိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုခဲ့သည်။
အာဆီယံသည် အမေရိကန်သမ္မတ ဘိုင်ဒင်က သူတို့၏အစည်းအဝေးကို မတက်ဘဲ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်ခဲ့ခြင်းအပေါ် တုန်လှုပ်သွားဟန် ရှိသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး နှင့် ဖွံ့ဖြိုးစည်ပင်ရေးတို့အတွက် အရေးကြီးသော အဖွဲ့အစည်းကြီးဖြစ်ကြောင်း ပြသဖို့ လိုသည်ဟု ဆိုသည်။ သူမသည် စစ်အာဏာသိမ်းအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားကိုယ်စားလှယ် အဖွဲ့များနှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ်အထိ ထိတွေ့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တွေ့ဆုံမှုများထဲတွင် အဓိကအကြောင်းအဖြစ် ပါလာသည်က စစ်ကောင်စီနှင့် NUG အကြား အဆင့်မြင့်ကိုယ်စားလှယ် အချင်းချင်း တွေ့ဆုံနိုင်မည်လားဟု စကားတောက်လာခြင်းပင် ဖြစ်သည်။ ယင်းကိစ္စအား NUG မှ တိုင်းရင်းသားများ မပါဘဲနှင့်တော့ မတွေ့နိုင်၊ မိမိတို့အားလုံး တူညီသော ရည်မှန်းချက်ဖြင့် တော်လှန်ရေးကြီး ဆင်နွှဲနေချိန်တွင် ဆုံးဖြတ်ချက်တိုင်းသည် တိုင်းရင်းသားအဖွဲ့များ၏ သဘောတူညီချက် ပါကို ပါရမည်သာ ဖြစ်သည်ဟူသော မူကို စွဲကိုင်ကာ ပယ်ချခဲ့ခြင်းပင် ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးကမူ လက်ရှိအခြေအနေအတိုင်း ဆက်သွားမည်ကို လက်ပိုက်ကြည့်နေ၍ မရဆိုကာ စစ်အာဏာသိမ်းအဖွဲ့မှ မဖြစ်မနေ လိုက်နာလာအောင် အရေးယူရမည့်အချက်များ တင်ပြထားသည်ဟု သတင်းထောက်များအား အသိပေးလာခဲ့သည်။
အာဆီယံသည် မြန်မာပြဿနာကို ဆက်လက်၍ ပေယျာလကံ ပြုနေမည်ဆိုက ဒေသတွင်း ဖြစ်ပျက်နေမှုများကို မဖြေရှင်းနိုင်၊ အချင်းချင်းစုပြီး စကားပြောဆိုကြသည့် အဖွဲ့ကြီးအဖြစ် ရှုမြင်ခံရတော့မည့် အရေးကို စိုးရွံ့နေကြပြီ ဖြစ်သည်။
အားလုံးက နောက်နှစ်တွင် တရုတ် ဩဇာခံတပိုင်း ဖြစ်နေသည့် လာအိုအား ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးရတော့မည်ဖြစ်၍ ၎င်းတို့၏ ရပ်တည်ချက်ကို မပြောင်းမလဲ ဆက်လက် ကျင့်သုံးရန်နှင့် ၎င်းတို့ကိုယ်နှိုက်က ဘာမှမလုပ်ခဲ့သော်လည်း လာအိုအား သံတမန်ရေး အကျပ်အတည်း ကျစေရန် ဖန်တီးပေးလိုပုံ ရှိနေသည်။
လက်ရှိတွင် ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ သဘောတူညီချက်အစား အများသဘောတူညီချက်ဖြင့် ပြောင်းလဲရန်ပင် စဉ်းစားလာနေပြီ ဖြစ်သည်ဟု ဆိုသည်။
အီးယူသည် မြန်မာနှင့် မည်သို့မျှ မပတ်သက်ဟု ပြတ်သားစွာ ပြောလာသည့်အတွက် ၂၀၂၆ အတွက် ဥက္ကဋ္ဌရာထူးကို မပေးနိုင်တော့ဟု တရားဝင် အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု သံတမန်များထံမှ သတင်းထွက်လာခဲ့သည်။ ယခုအစည်းအဝေးတွင် ထိုရာထူးအား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်အပ်လိုက်သည်။ နောက်နှစ်တွင် မြန်မာမှ စတင်တာဝန်ယူရမည့် အာဆီယံ-အီးယူ ဆက်ဆံရေးညှိနှိုင်းမှု တာဝန်ခံ ရာထူးအားလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။
တဖက်တွင်လည်း ဘယ်ခြောက်ကာ ညာလှမ်းဖြင့် နေပြည်တော်တွင်လုပ်မည့် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး၊ ဟာဝိုင်အီတွင်လုပ်မည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာအား တက်ရောက်ရန် ဖိတ်ကြားခြင်းများ ပြုလုပ်လာကြပြန်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ခံ တွန်အင်ဒရူးက အာဆီယံအတွက် lose-lose အနေအထားသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။ စစ်ကောင်စီသည် ထို့အခွင့်အရေးအား ၎င်းတို့ကို နိုင်ငံတကာမှ အသိအမှတ်ပြုသည့်သဘော ဝါဒဖြန့်နိုင်၍ မြန်မာပြည်သူများအတွက် ထိခိုက်စရာ ဖြစ်သွားသည့်အပြင် အာဆီယံအတွက်လည်း ၎င်းတို့အပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေသည့် ပြစ်မှုများတွင် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလိုက်၍ ယုံကြည်မှု ဆုံးရှုံးခံလိုက်ရခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းမာနေမှုကို အာဆီယံသည် ဆက်၍ ငုံ့ခံနေမည်လော၊ သို့တည်းမဟုတ် အဖွဲ့ကြီးအား နိုင်ငံတကာမှ တလေးတစား ယုံယုံကြည်ကြည် ဆက်ဆံခံရမည့် အနေအထားဖြင့် ဆက်သွားမည်လောဟု ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
မင်းအောင်လှိုင်သည် သူ့ကြောင့် တိုင်းပြည်ဂုဏ်သိက္ခာသည် နိုင်ငံတကာအလယ်တွင် ရစရာမရှိအောင် ပျက်စီးသွားနေပြီ ဖြစ်သော်လည်း မြဝတီ ထွေအုပ်ရုံးအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအား လက်တုံ့ပြန်သည့်အနေဖြင့် သူ၏တပ်များ အနားသို့ပင် ကပ်ခွင့်မရသော လက်ခတ်တောင်စခန်းကုန်းအား တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြင့် အာဆီယံ အစည်းအဝေးအား ကြိုဆိုလိုက်ပြီ ဖြစ်သည်။
စစ်တပ်အပေါ် မြန်မာလူထုမှ လုံးဝ အယုံအကြည်မရှိတော့ဟု အင်ဒိုသမ္မတ ပြော
ဂျကာတာတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက မိမိတို့ မြန်မာအရေးနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ရာမှ မြန်မာပြည်သူများသည် စစ်တပ်အပေါ် လုံးဝ အယုံအကြည် ကင်းမဲ့နေပြီ ဆိုသည်ကို ရှာဖွေသိရှိနိုင်ခဲ့ပြီဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာအရေးနှင့် ပတ်သက်၍ အဖွဲ့အစည်းပေါင်း ၇၀ ခန့်နှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆွေးနွေးခဲ့ရာမှ ၎င်းတို့ အဖွဲ့အစည်းအချင်းချင်းအကြား ယုံကြည်မှုများ တိုးမြှင့်လာနေပြီး မြန်မာစစ်တပ်အပေါ်တွင်တော့ အယုံအကြည် မရှိကြဟု ဆိုသည်။
မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း သဘောတူထားသည့် အချက် ငါးချက်အား စိတ်ရင်းကောင်းဖြင့် အစစ်အမှန် အကောင်အထည်ဖော်ခြင်း မရှိခဲ့၍ နိုင်ငံခြားရေးဝန်ကြီးများ၏ ထောက်ခံတင်ပြချက်များအရ ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ မိသားစုပုံစံဖြင့် ထိုပြဿနာကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း သုံးသပ် အဖြေရှာမှ ဖြစ်မည်ဟု ဂျိုကိုဝီက ဆိုသည်။
မြန်မာစစ်အာဏာသိမ်းအဖွဲ့ အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးကို အာဆီယံ၏ အချက်ငါးချက် အကောင်အထည်ဖော်ရေးအား နည်းဗျူဟာအရရော အစီအမံများ အထူးတလည် ချမှတ်၍သော်လည်းကောင်း ပြုလုပ်သွားရန် လိုအပ်သည်ဟု အလေးအနက် ထောက်ပြသွားခဲ့သည်။
အာဆီယံသည် ယခုအတိုင်းသွားမည်ဆိုလျှင် ၂၀၄၅ အထိပင် ခံတော့မည်မဟုတ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်နေပြီဖြစ်၍ မိမိတို့အဖွဲ့ကြီးသည် စည်းလုံးညီညွတ်မှုရှိရန်လည်း တိုက်တွန်းသွားခဲ့သည်။ မိမိတို့အဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများကို တင်ဆောင်သွားနေရသည့် သင်္ဘောကြီးဖြစ်၍ ဆက်လက်ရွက်လွှင့်သွားဖို့ လိုအပ်နေသည်ဟု ဆိုသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မှ မြန်မာ၏ အချက်ငါးချက်အား မလိုက်နာမှုနှင့် ဆက်လက်၍ မတည်မငြိမ် ဖြစ်နေမှုများအပေါ် အထူးစိတ်ပျက်မိကြောင်း၊ မြန်မာသည် အာဆီယံပဋိညာဉ်စာတမ်းကို လေးစားလိုက်နာသင့်သည်ဟု သူ၏ ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။
ထိုသို့ လိုက်နာလာရန် အာဆီယံသည် အကျိုးတူ ပါတနာများအပြင် ကုလသမဂ္ဂနှင့်ပါ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားဖို့လိုသည်ဟုလည်း ပါရှိသည်။
နောက်ထပ် စစ်အာဏာသိမ်းအဖွဲ့၏ အရှိုက်ကို ထိုးနှက်ချက်တခုအဖြစ် ဖိလစ်ပိုင်က ၂၀၂၆ အတွက် မြန်မာအစား ဥက္ကဋ္ဌရာထူးကို တရားဝင် လက်ခံဆောင်ရွက်သွားမည်ဟု သမ္မတ မားကို့စ် ဂျူနီယာက အာဆီယံခေါင်းဆောင်များနှင့် တံခါးပိတ်အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဤသည်ကလည်း အမေရိကန်နှင့် အီးယူအဖွဲ့ဝင် နိုင်ငံအားလုံးက စစ်အာဏာသိမ်းအဖွဲ့အား အသိအမှတ်ပြုရန် ခါးခါးသီးသီး ဖြစ်နေခြင်းသည် အဓိက အကြောင်းအဖြစ် ပါဝင်ခဲ့ပုံရသည်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အချက်ငါးချက်ကို ဆက်လက်စွဲကိုင်သွားရမည် ဖြစ်သည့်အပြင် စစ်အာဏာသိမ်းအဖွဲ့အား အာဆီယံ အဆင့်မြင့်အစည်းအဝေးများတွင် ကိုယ်စားပြု တက်ရောက်ခွင့် မရရေးကို ဆက်လက်စွဲကိုင်သွားရမည်၊ သို့မှသာ မြန်မာအရေးတွင် ပတ်သက်နေသူများမှ မိမိတို့အပေါ် ယုံကြည်မှုရှိလာမည် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံ အသီးသီးသည် ဘူမိနိုင်ငံရေး စိန်ခေါ်လာမှုများကို မိမိတို့နိုင်ငံ အကျိုးအတွက် ရပ်တည်ချက်အမျိုးမျိုး ရှိနေကြသော်လည်း တူညီသော သဘောထားတခု ဖြစ်လာအောင် ကြိုးစားရမည်၊ ထိုသို့ဖြစ်လာမှသာ အားလုံးက အပေးအယူ ပုံစံမျိုးနှင့် ပါဝင်လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
လက်ရှိတွင် နိုင်ငံငယ်ကလေးဖြစ်သည့် လာအိုက ဖြေရှင်းနိုင်မှု မရှိမည်ကို စိုးရိမ်သည့်အနေဖြင့် Troika Mechanism ဟုဆိုသော သုံးပွင့်ဆိုင် ယန္တရားဖြင့် ဆောင်ရွက်သွားမည်ဟု အစီအစဉ်ကို အဆိုပြုလာသည်။ ထို သုံးပွင့်ဆိုင်သဘောသည် မြန်မာအရေးနှင့် ပတ်သက်၍ ယခင် အာဆီယံ ဥက္ကဋ္ဌ၊ လက်ရှိ ဥက္ကဋ္ဌနှင့် နောက်နှစ်အတွက် ဥက္ကဋ္ဌ သုံးပွင့်ဆိုင် အတူညှိနှိုင်း ဆောင်ရွက်သွားရေးပင် ဖြစ်သည်။ ထို့အတွက် လာအိုသည် အင်ဒိုနီးရှား၊ မလေးရှားတို့နှင့် ပူးတွဲ လုပ်ဆောင်သွားရမည် ဖြစ်သည်။
လေ့လာသုံးသပ်သူများကမူ ထိုသို့ ဖိလစ်ပိုင်အား မြန်မာအစား ဥက္ကဋ္ဌရာထူး ပေးအပ်ရန် ဆွေးနွေးခဲ့ကြခြင်းသည်ပင် မြန်မာအရေးသည် နောက်ထပ် သုံးနှစ်အထိ ဆက်လက် တည်ရှိနေမည်ဟု ဝန်ခံသလို ဖြစ်သွားခဲ့ရသည်ဟု ဂျကာတာအခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ကျွမ်းကျင်သူ လီနာ အလက်ဇန်ဒရာက ဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီအား အစည်းအဝေးတက်ခွင့် ပိတ်ပင်ခြင်းသည် မအောင်မြင်၍ ပြန်ခေါ်ရန် ပြောဆိုမှုများ ထွက်ပေါ်လာနေပြီး အာဆီယံအနေဖြင့် နဂိုမူလ အစီအစဉ်ကိုပင် စွဲကိုင်သွားမည်ဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ပြောကြားခဲ့သည်။
စစ်ကောင်စီသည် ထိုသို့ သဘောထားတင်းမာနေမှု ပြေလျော့စေရန် ၎င်းတို့၏ နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ခင်ရီမှတဆင့် ရွေးကောက်ပွဲကို ၂၀၂၅ တွင် ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု လေသံပစ်လာခဲ့သည်။ ဆိုလိုသည်ကတော့ ၎င်းတို့သည် အာဏာရှင်များမဟုတ်၊ ဒီမိုကရေစီကို ယုံကြည်သူများ ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက အသိပေးချင်ပုံရသည်။
၎င်းတို့ယုံကြည်သော ဒီမိုကရေစီသည် လူထုအား သေနတ်နှင့်ချိန်ကာ မဲရုံထဲ မောင်းသွင်းမည့် ပုံစံမျိုးသာ ဖြစ်သည်။
အာဆီယံအစည်းအဝေး ပြီးဆုံး၊ တီမောသမ္မတက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ကာကွယ်ပြောဆို
အာဆီယံအဖွဲ့၏ သုံးရက်ကြာ ထိပ်သီးဆွေးနွေးပွဲက ပြီးဆုံးသွားသည်နှင့်အမျှ ဝေဖန် ရှုတ်ချ ခံရမှုများ ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။ သုံးရက်ကြာ အစည်းအဝေး အပြီးတွင် အချက် ၁၉ ချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် “မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” နှင့် ရပ်တန့်ရန် တောင်းဆိုမှုများ ပါရှိလာခဲ့သည်။
ထို့ပြင် ၂၀၂၆ ဥက္ကဋ္ဌရာထူးအား ဖိလစ်ပိုင်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းနှင့် မြန်မာအရေး အတွက် သုံးပွင့်ဆိုင် ယန္တရားဖြင့် ဆက်လက်လုပ်ကိုင်သွားရန် သဘောတူခဲ့ကြသည်ဟုလည်း သိရသည်။
အာဏာသိမ်းအဖွဲ့သည် အရေထူကြသူများပီပီ ထိုသို့ ဥက္ကဋ္ဌရာထူးအား အများနည်းတူ ထမ်းဆောင်ခွင့် မရသည်ကိုပင် မည်သို့မျှ ထူးခြားဟန်မရှိပုံဖြင့် ပြောခွင့်ရပုဂ္ဂိုလ်မှ ရွေးကောက်ပွဲ အပါအဝင် အခြား အရေးတကြီး လုပ်စရာများရှိနေပြီး မိမိတို့ ဥက္ကဋ္ဌရာထူး ယူလျှင် အနှောင့်အယှက်များ ရှိလာနိုင်သည်ဟုသာ လျှော့ပေါ့ ပြောဆိုသွားခဲ့သည်။
အာဆီယံ၏ ကြေညာချက်အားလည်း တဖက်သတ်ဆန်ပြီး အဖွဲ့၏ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ကာ နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ၎င်းတို့ပိုင် သတင်းစာတွင် ပါရှိလာခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး စစ်ဘက်နှင့် အရပ်ဘက် ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးနေကြောင်း ဘီဘီစီ သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတကာနှင့် ပြည်တွင်းရှိ မြန်မာလူထုကမူ အာဆီယံအား “Toothless talking shop” မည်သို့မျှ လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိဘဲ စကားစုဝေးပြောဆိုနေသော အဖွဲ့ကြီးအဖြစ် ယူဆနေကြပြီ ဖြစ်သည်။
ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဒေသတွင်း “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးစည်ပင်ရေး” အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောနေသော်လည်း ၎င်းတို့မျက်စိရှေ့တွင် မီးလောင်ပြကျလုမတတ် ဖြစ်လာသော နိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်များက ရပ်တန့်နေပြီ ဖြစ်သည်။ မြန်မာအရေးသာမဟုတ် ဒေသတွင်း ငြိမ်းချမ်းရေးအား တိုက်ရိုက်ခြိမ်းခြောက်လာနေသော တောင်တရုတ်ပင်လယ်အရေးကိုပင် ဘုံရပ်တည်ချက် ထွက်ပေါ်မလာနိုင်သေးပေ။
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သဘောတူခဲ့သော ဘုံရပ်တည်ချက် ငါးရပ်အား ဘုရားဟော နိပါတ်တော်အလား စွဲကိုင်လျက်ပင်ရှိပြီး မည်သို့ သဘောတူလာအောင် လုပ်ရမည် ဆိုသည်ကား တခုတလေမျှပင် ထွက်မလာခဲ့ပေ။ အာဆီယံ ထိပ်သီးအစည်းအဝေးကို တနှစ်လျှင် နှစ်ကြိမ်မျှ ပြုလုပ်နေကြသော်လည်း မြန်မာအရေးနှင့် ပတ်သက်ပြီး တခါလာလည်း မဲပြာပုဆိုးသာ ဖြစ်နေသည်။
ဂျိုးဘိုင်ဒင်သည်ပင် အာဆီယံအဖွဲ့သည် ဒေသတွင်းပြဿနာများ မသက်ဆိုင်သလို ဖြစ်လာနေမှုကြောင့် အရှေ့အာရှ အစည်းအဝေးသို့ ဒုသမ္မတ ကမ်မလာ ဟားရစ်ကိုသာ လွှတ်လိုက်ပြီး သူကိုယ်တိုင်ကမူ ဗီယက်နမ်နှင့် ဆက်ဆံရေးတည်ဆောက်ရန် ဟနွိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အတွက် ပြည်သူများဘက်ကလည်း အာဆီယံအပေါ် ယုံကြည်မှု တစက်တလေမျှပင် မရှိတော့ဘဲ မိမိတို့၏ခေါင်းဆောင်ဖြစ်သူ၏ ကျန်းမာရေး ချို့ယွင်းလာမှုနှင့် ဆင်နွှဲနေသည့် တော်လှန်ရေးကိုသာ အားတက်သရော ထောက်ခံဖို့သာ အာရုံစိုက်နေကြပြီ ဖြစ်သည်။ မိမိတို့အပေါ် တသက်လုံး ဗိုလ်ကျ အနိုင်ကျင့်လာသူများ နေ့စဉ်နှင့်အမျှ ဆောက်တည်ရာ မရအောင် ပြိုလဲလိုက်လာနေသည့် အဖြစ်ကို အားရနေကြပြီ ဖြစ်သည်။ ၎င်းတို့ တနည်းနည်းနှင့် ဆက်၍ ရပ်တည်သွားမည့်အဖြစ်ကို မည်သူမျှ မလိုလားကြတော့။
ထိုသို့ ဂျကာတာရှိ အစည်းအဝေး ခန်းမကြီးအတွင်း ဘူးလုံး နားမထွင်း ဖြစ်နေကြချိန်တွင် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးလာပြီဖြစ်၍ ကျေးရွာပေါင်း ၅၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် အသက်လုကာ လွတ်ရာကျွတ်ရာသို့ ပြေးလွှား ပုန်းအောင်းနေကြရပြီ ဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် ရွှေဘို၊ စစ်ကိုင်းနှင့် ဧရာဝတီ မြစ်ကမ်းဘက်မှ အင်အား ၁၀၀ စီခန့်ရှိသော စစ်ကြောင်းကြီး ၆ ကြောင်းဖြင့် ပိတ်ဆို့လာပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖော်ပြထားသည်။ ပြည်သူ့တော်လှန်ရေးတပ်များသည် ထိုစစ်ကြောင်းများကို ရိုက်ချိုးပစ်နိုင်ရေးသည် လွန်စွာ အရေးကြီးလာနေပြီ ဖြစ်သည်။
နောက်ထပ် အယ်ဂျာဇီရားသတင်းနှင့် တီမောသမ္မတ တွေ့ဆုံမေးမြန်းခန်းတွင် တီမော၏ အာဆီယံသို့ ဝင်ရောက်နိုင်ရေးအပေါ် သမ္မတနှင့် ဝန်ကြီးချုပ်အကြား သဘောကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရသည်။
မြန်မာစစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်များသည် နိုင်ငံနှင့် လူမျိုးကို မည်မျှအထိ ဒုက္ခပေးနေသည်ကို ယခုထိ နားမလည်နိုင်ကြသေးသူများ ဖြစ်သည့်အပြင် အာဆီယံအပေါ် ယုံကြည်မှုရှိရေးကိုပါ ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။
သမ္မတ ရာမို့စ်ဟိုတာသည် အာဆီယံသို့ ၂၀၂၅ တွင် တင်းပြည့်ကျပ်ပြည့် ဝင်ခွင့်ရရေး အားတက်သရော ရှိနေသော်လည်း ဝန်ကြီးချုပ် ဆန်ဆနာဂေါ့စ်မဲလ်ကမူ မြန်မာအရေးအား ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် ထပ်မံကြိုးပမ်းမှု မတွေ့ရပါက ဝင်ရောက်မည်မဟုတ်ဟု လူသိရှင်ကြား ပြောဆိုထားပြီး ဖြစ်သည်။
သမ္မတ ရာမို့စ်ဟိုတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ မှတ်ချက်ချ ပြောဆိုသွားမှုသည် လွန်စွာမှ မှတ်သားစရာ ကောင်းလှ၍ ပြန်လည် တင်ပြလိုပါသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုတ်ချနေသူတွေက သူမအနေနဲ့ စစ်တပ်အပေါ် အာဏာ လုံးဝမရှိ သုညဖြစ်နေတယ် ဆိုတာကို နားမလည်နိုင်တဲ့ လူတွေပဲ။ သူက သမ္မတလည်း မဟုတ်၊ ဝန်ကြီးချုပ်လည်း မဟုတ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြီးတော့ စစ်တပ်အပေါ် လုံးဝထိန်းချုပ်နိုင်တဲ့ အာဏာလည်း မရှိဘူး၊ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပစ်မှတ်ထား ပြောရမယ့်အစား သူ့ကိုပဲ ရွေးထုတ်ပြီး အပြစ်ပုံချလာတယ်”
“ဒီလို ပြောဆိုလာတာတွေကို ကျနော် အရင်ကလည်း သဘောမတူဘူး၊ အခုလည်း သဘောမတူဘူး” ဟူ၍ ဖြစ်သည်။
တကယ်တမ်းတွင် လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည်မှာ အမှန်ဖြစ်နေသော်လည်း သူမသည် ခေါင်းရှောင်သည့်အနေဖြင့် ထိုသို့ တခါဖူးမျှ ဆင်ခြေဆင်လက်မျိုး စောင်းပါးရိပ်ခြည်ပင် မပြောခဲ့၊ ခေါင်းဆောင်တယောက် အနေဖြင့် တာဝန်ယူရဲသည့်သတ္တိ အပြည့်ရှိသူ ဖြစ်သည်။
စစ်တပ်ဟာ ၎င်းတို့ဘာသာ တိုင်းပြည်ကာကွယ်ရေးရာပိုင်းကို ဇောက်ချလုပ်နေမည်ဆိုကာ ဒီအတိုင်း သွား၍ ဖြစ်နိုင်သော်လည်း သမ္မတရာထူးအထိပင် မတန်မရာ တက်၍ မှန်းလာသည့်အတွက် တိုင်းပြည်ပျက်မည့်အရေး မြင်လာ၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မှဖြစ်တော့မည်ဟု ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည် ခန့်မှန်းခဲ့သည့်အတိုင်းပင်၊ ထိုအာဏာရူးတစုကြောင့် ကုလသမဂ္ဂပင် အသိအမှတ်မပြု၊ နိုင်ငံတကာတွင် ခေါင်းမဖော်နိုင်၊ လူတောမတိုး ဖြစ်နေရသည်။ တိုင်းပြည် စီးပွားရေးလည်း ပျက်စီးသွားခဲ့ရပြီး ဆန် ဆီ ဆား ဝေငှပေးသည့် နေရာများတွင် လူတန်းကြီးက ရှည်လျားသည်ထက် ရှည်လျားလာနေသော်လည်း စစ်ဗိုလ်ချုပ်များကတော့ တိုင်းပြည်စီးပွားရေး ဆိုသည်က ၎င်းတို့ စစ်စရိတ် ရရာရကြောင်းအဖြစ်သာ အာရုံထား လုပ်ကိုင်နေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!