ဧရာဝတီတိုင်းရှိ မြို့နယ်တွေက စားဆီဆိုင်တွေမှာ စက်တင်ဘာလအတွင်း စစ်ကောင်စီ သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ ရောင်းချပေးနေပေမဲ့ စားအုန်းဆီဈေးနှုန်း ကျဆင်းမှုမရှိဘူးလို့ သိရပါတယ်။
ပုသိမ်မြို့မှာ နေထိုင်သူတဦးက “ဆီက သူတို့ရောင်းပေးချိန် ဈေးကျသလိုပဲ။ အောက်ခြေမှာ ဈေးကြီးတာပဲလေ။ တချို့ တန်းစီဝယ်ပြီး ပြန်သွင်းတာတွေရှိတော့ ဈေးမကျပါဘူး။ အရည်အချင်းမရှိဘဲ စီမံခန့်ခွဲနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဧရာဝတီတိုင်းရှိ မြို့နယ်တွေက ဆီဆိုင်တွေကို စက်တင်ဘာလကစပြီး စားအုန်းဆီတပိဿာ ၄,၅၀၀ ကျပ်နဲ့ ရောင်းချခိုင်းတယ်လို့ သိရပါတယ်။
ဟင်္သာတမြို့မှာ နေထိုင်သူတဦးက “စားအုန်းဆီ အရင်က ဈေးလည်းမတက်ဘူး၊ ဝယ်လို့ရတယ်။ စစ်တပ်အာဏာသိမ်းပြီး အခုလိုဖြစ်တာ။ သူတို့ မလုပ်တတ်ဘဲ လျှောက်လုပ်လို့ဖြစ်တာ။ အခု ဆီဈေးက မကျပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဩဂုတ်လကစတင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ စတင်ဖွဲ့စည်းပြီးနောက် ကုန်ဈေးနှုန်းတွေ တက်လာကြောင်း ပြည်သူတွေထံက သိရပါတယ်။
ဩဂုတ် ၃၀ ရက်က နေပြည်တော် ညှိနှိုင်းအစည်းအဝေးမှာ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတချို့ ဖမ်းဆီးခံရေကြာင်း သတင်းထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက စားအုန်းဆီတင်သွင်းသူတွေကို ဖမ်းဆီးထားခြင်းမရှိကြောင်း မီဒီယာတချို့ကို ဖြေဆိုထားပါတယ်။