ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဘန်လမွန်းမြို့နယ်က ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ပတ္တယားကမ်းခြေ တလတ်နမ့်ဆီဖတ် ရေပေါ်ဈေးမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ည ၈ နာရီလောက်မှာ ဈေးလယ်ခေါင်တနေရာကနေ စတင်လောင်ကျွမ်းတာဖြစ်ကြောင်း၊ အဆိုပါဈေးဆိုင်ခန်းအများစုမှာ ထိုင်းယဉ်ကျေးမှုအသားပေး ပျဉ်တွေ၊ သစ်တွေနဲ့ ဆောက်ထားတဲ့အတွက် လောင်စာလိုဖြစ်နေပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ခဲ့တယ်လို့ ဈေးနားနေထိုင်သူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ဈေးမှာ ည ၇ နာရီထိသာ ဖွင့်လှစ်တာကြောင့် ဈေးထဲမှာ လူသိပ်မရှိတော့ကြောင်း၊ အချို့က အသက်ဘေးက လွတ်အောင် ရေထဲခုန်ချခဲ့ကြတယ်၊ မီးလောင်ရာကို မီးသတ်ကား အစီးရေ ၂၀ ကျော်က အချိန် ၃ နာရီကြာ ငြိမ်းသတ်ခဲ့ရပြီး အနီးနားဝန်းကျင် မီးမကူးအောင်၊ မီးကြွင်းမီးကျန်မရှိအောင် ရေတွေပက်ဖျန်းခဲ့တယ်လို့ မီးသတ်သမားတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ချွန်းပူးရီးခရိုင်ဝန် နိုင်းထဝပ်ချိုင်း ဆီထောင်းန် နဲ့ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဈေးမှာ ၁ ဧကခန့်ကျယ်ဝန်းပြီး ဧရိယာ ၈၀ ရာခိုင်နှုန်း လောင်ကျွမ်းကြောင်း၊ ဆိုင်ခန်းပေါင်း ၁၀၀ ထက်မနည်း မီးထဲပါသွားပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၁၀၀ ကျော်ကာ လူတဦး မီးဟပ်ခံထားရတဲ့ ဒဏ်ရာနဲ့ ပတ္တယားဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ခရိုင်ဝန်က သတင်းထောက်တွေကို ပြောသွားပါတယ်။