ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာ ၇ ရက်က ဆိုင်ကယ်စီးလာသူ အမျိုးသားတယောက်ရဲ့ အပေါ် ဓာတ်တိုင်လဲကျခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ မောင်နှမနှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် လမ်းဘေးဓာတ်တိုင် သူတို့နှစ်ဦးအပေါ် လဲကျခဲ့တဲ့အတွက် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဒီရက်ပိုင်း မိုးတွေအရမ်းများတယ်။ အဲ့ဒါ သူတို့မောင်နှမ နှစ်ယောက် ဓာတ်တိုင်အောက်ရောက်တယ်ဆို လဲကျတာပဲ။ ကောင်လေးကတော့ ခေါင်းကိုထိပြီး အဲ့ဒီနေရာမှာတင်ပဲ သေသွားတယ်။ ကောင်မလေးကတော့ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူး” လို့ ပြောပါတယ်။
ဓာတ်တိုင်လဲကျလို့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့သူဟာ အသက် ၃၀ ခန့်အရွယ်ရှိ စန်းရွှင်နတ်မှော် ကျေးရွာမှာ နေထိုင်သူတဦး ဖြစ်ပါတယ်။