ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကမ်းပါးပြိုကျမှုတွေဖြစ်နေပြီး လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေ ရွှေ့ပြောင်းခဲ့ရသလို ပန်းတာကျိုးပေါက်မှုလည်း ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးဝန်ထမ်းတွေက ပြောပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးတွေ ဆက်တိုက်ပြိုနေပြီး လူနေအိမ်ခြေ ၆၂ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းကိုလည်း ကမ်းပါးမပြိုခင် ဖျက်လိုက်ရတယ်လို့ ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
“ဒီလမကုန်ခင်က ကမ်းပါး တဖြည်းဖြည်းပြိုလာလို့ လူနေအိမ် ၆၂ လုံး ဖျက်လိုက်ရတယ်။ အခုတော့ ကမ်းပါးပြိုသွားလို့ အဲ့မြေနေရာတွေ မရှိတော့ဘူး။ စက်တင်ဘာ ၇ ရက်နေ့ မနေ့ကလည်း ငှက်ပျောတောကျေးရွာ ဘုန်းကြီးကျောင်းတကျောင်း ထပ်ဖျက်ရတာပေါ့။ ကမ်းပါးပြိုတာက ဘုန်းကြီးကျောင်းနား ရောက်နေလို့ပါ။ အခုလက်ရှိတော့ ရေဘေးရှောင်သူတွေကို တာဝိုင်းအပေါ်မှာ အကုန်လုံးထားထားပါတယ်။”
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စက်တင်ဘာ ၄ ရက်ကလည်း ပန်းတာကျိုးပေါက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိပ်ပျက်ကျေးရွာအုပ်စုရှိ ဒေသခံတဦးက “ပန်းတာက ၄ ရက်နေ့မှာ ကျိုးသွားပေမဲ့ ထိခိုက်မှု အများကြီး မရှိသွားဘူး။ တာကျိုးတော့မယ်ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေကော လူမှုကူညီရေးအသင်းတွေကပါ ကြိုတွက်ပြီး ပြင်ဆင်ခဲ့လို့ ထိခိုက်ဆုံးရှုံးမှု အများကြီး မရှိခဲ့ပါဘူး။ တာဝိုင်းထဲကို ရေကြိုသွင်းထားတော့ တာကျိုးပြီး ရေဆောင့်အားမရှိတာကြောင့် အိမ်တွေအများကြီး မပျက်စီးခဲ့တာပါ။ ကျနော်တို့က အရင် ရေဘေးရှောင်ထားတယ်။ အခု တာကြိုးသွားတော့ နောက်ထပ် ရေဘေးရှောင်တဲ့သူတွေ ထပ်ရောက်လာပါတယ်။ အခု ရေဘေးရှောင် ၄ ရွာပေါင်းဆိုရင် ၁,၁၀၀ လောက်ရှိပါတယ်” လို့ ပြောပါတယ်။
ရေဘေးရှောင်အများစုဟာ လက်လုပ်လက်စားတွေဖြစ်တာကြောင့် အစားအသောက်၊ အမိုးအကာနဲ့ ဆေးဝါးတွေ အများအပြား လိုအပ်တယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုက ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်နဲ့ ဘအုန်းတော ကျေးရွာတို့ရှိ အိမ်ခြေ ၃၀၀ ကျော်က ရေဘေးရှောင် ၁,၁၀၀ ကျော်ဟာ တာပေါ်မှာ ကိုယ်ထူကိုယ်စနစ်နဲ့ နေထိုင်နေရပါတယ်။