ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြမ္မာပြာသာကျေးရွာအုပ်စုမှာ ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ် ၁၈ လုံးကို အရေးပေါ် ဖျက်သိမ်းခဲ့ရကာ ကမ်းပြို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရုတ်တရက် ကမ်းပါးပြိုကျလာပြီး ကြိုတင်မပြောင်းရွှေ့ပါက အန္တရာယ်ရှိလာနိုင်လို့ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာက နေအိမ် ၁၈ လုံးကို စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်တွေမှာ ကြိုတင်ဖျက်သိမ်းပြီး ကမ်းပြိုဘေးလွတ်တဲ့ မိသားစုဝင်တွေရဲ့ နေအိမ်တွေနဲ့ အသိမိတ်ဆွေတွေဆီ ယာယီပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိ ကမ်းပြိုဘေးသင့်နေအိမ် ၁၈ လုံးက ဒေသခံတွေက ဘေးလွတ်တဲ့ နေရာတွေမှာ ယာယီ ပြောင်းရွှေ့နေရပါတယ်။ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားနေတာပါ။ ကမ်းပါးက ရုတ်တရက်ပြိုကျလာတာ။ မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်တဲ့ နေအိမ် ၁၈ လုံးကို အရေးပေါ် အချိန်မီ ဖြိုဖျက် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။”
အဲဒီ ကမ်းပါးပြိုကျမှုမှာ စက်တင်ဘာ ၁၂ ရက်အထိ ဆက်လက်ဖြစ်ပွားနေပြီး လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘဲ နေအိမ်အကောင်းတွေကို ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းရတာကြောင့် ဆုံးရှုံးမှုရှိပြီး မိုးကာလဖြစ်တာကြောင့် နေထိုင်ရေးနဲ့ အိမ်သစ်ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ နီးစပ်သူက “မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိပါဘူး။ အိမ်ဖြိုဖျက် ပြောင်းရွှေ့ရတဲ့အတွက် ဆုံးရှုံးတာတော့ ရှိတာပေါ့။ အိမ်တွေက အကောင်းတွေဆိုတော့လေ။ လက်ရှိ သက်ဆိုင်ရာက ကူညီထောက်ပံ့ရေးလုပ်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားလို့ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာက ကြိုတင်ပြောင်းရွှေ့ရတဲ့ နေအိမ် ၁၈ လုံး၊ အိမ်ထောင်စု ၁၈ စုက လူ ၆၄ ယောက်ရှိပြီး နေအိမ် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဟာ မြစ်တွေ၊ ချောင်းတွေ ပေါများတဲ့ဒေသဖြစ်ပြီး မြစ်ရေတိုက်စားလို့ ကမ်းပြိုကျတာတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာပေမဲ့ စစ်ကောင်စီက ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။