ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ထံ လက်နက်ခဲယမ်းနဲ့တကွ လာရောက် ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သားတယောက်ကို ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ ကေအန်ယူ−ဗဟို က ထုတ်ပြန်ပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ် ခလရ-၃၂ တပ်ရင်းက အသက် ၂၂ နှစ်အရွယ် တပ်သား စိုင်းဖြိုးအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာ ကေအန်ယူ တပ်မဟာ (၆)၊ KNLA - တပ်ရင်း (၁၇)၊ တပ်ခွဲ (၂) ကို လာရောက် ပူးပေါင်းခဲ့တာဖြစ်ပြီးတော့ သူနဲ့အတူ MA-1 (၁) လက်၊ ကျည်ဘောက် (၅) ဘောက်၊ ၅.၅၆ ကျည်တောင့် (၇၅) တောင့်နဲ့ အီကွေးမင့် (၁) စုံ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေတဲ့ ထောက်တိုင်မှန်သမျှကို ဆန့်ကျင်တဲ့ စစ်ကောင်စီ လက်အောက်ခံတပ်က ဘယ်စစ်သားမဆို မိမိတို့တပ်ကို ပြည်သူလူထု ရင်ခွင်ဆီ လာရောက်ပူးပေါင်းကြဖို့လည်း ကေအန်ယူက ဖိတ်ခေါ်နေပါတယ်။
ဒါ့အပြင် ကေအန်ယူဆီ လက်နက်ခဲယမ်းနဲ့တကွ လာရောက်ပူးပေါင်းတဲ့ ဘယ်စစ်သား မဆို သူတို့ ရှေ့ဆက်ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး သူတို့နဲ့ ပါလာတဲ့ လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနဲ့အညီ ထပ်မံပေးအပ်မှာ ဖြစ်သလို သာမန်ပြည်သူ အနေနဲ့ လုပ်ကိုင်စားသောက်သွားမယ်ဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေးစေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်က နေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်တာမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ သတိပေးထားပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကတဆင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။