မြန်မာပြည်တွင်း ရွှေဈေးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကျပ် ၃၉ သိန်းကျော်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး အခုလဆန်းပိုင်းကစကာ တရိပ်ရိပ် ပြန်ကျဆင်းလာရာမှာ အခုအခါ တကျပ်သားကို ကျပ် ၃၅ သိန်းဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်တဦးက “လတ်တလောတော့ ရွှေဈေးက အကျဘက် အားသာနေတာပေါ့။ အဓိကက ဒေါ်လာဈေးကျလို့ ရွှေစျေးကျတာပါ” လို့ ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြင်ပရွှေစျေးကွက်မှာ အကယ်ဒမီ မီးလင်း အခေါက်ရွှေ တကျပ်သားကို ၃,၅၃၅,၀၀၀ ကျပ်ဝန်းကျင် ရှိပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးကတော့ ၂,၂၅၉,၆၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးနဲ့ ကျပ် ၁၃ သိန်းကျော် ကွာဟချက် ရှိနေပါတယ်။
ပြည်တွင်းရွှေဈေးက သီတင်းတပတ်အတွင်း ကျပ် ၂ သိန်းခွဲဝန်းကျင် ပြန်ကျဆင်းလာခဲ့တာ တွေ့ရပြီး မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း တရိပ်ရိပ် ပြန်ကျဆင်းလာပါတယ်။
ဒီကနေ့မှာ အမေရိကန် တဒေါ်လာကို မြန်မာကျပ် ၃,၄၉၀ ကနေ ၃,၅၁၀ အတွင်း အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပြီး သီတင်းတပတ်အတွင်း တဒေါ်လာကို မြန်မာငွေ ကျပ် ၂၀၀ ဝန်းကျင် ပြန်ဆင်းလာတာ တွေ့ရပါတယ်။
ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေအရောင်းအဝယ်တွေအပေါ် စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထိန်းချုပ်နေတာကြောင့် လက်ရှိ စျေးကွက်မှာ ဒေါ်လာနဲ့ ရွှေအတုံး အရောင်းအဝယ်တွေ ရပ်တန့်သလောက်ဖြစ်နေပြီး နီးစပ်ရာ ရောင်းဝယ်မှုတွေသာ ရှိနေတယ်လို့လည်း ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။