တရုတ်က အဝယ်လိုက်လာတာကြောင့် တပတ်အတွင်း မြေပဲကြားဈေး စံချိန်တင် မြင့်တက်လာတယ်လို့ မြေပဲကြားရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။
မြေပဲကြားစျေးနှုန်းဟာ သြဂုတ်လကုန်ခါနီးက ပွဲရုံရောင်းဈေး ၁ ပိဿာကို ကျပ် ၂,၂၀၀ သာ ရှိခဲ့ရာက စက်တင်ဘာ ၇ ရက်နေ့ ဈေးနှုန်းမှာ မြေပဲကြား ၁ ပိဿာကို ကျပ် ၃,၄၀၀ အထိ မြင့်တက်ခဲ့ပါတယ်။
အောင်ပန်းကုန်စည်ဒိုင်ပိုင်ရှင်တဦးက “မြေပဲကြားဈေးက ဒီနှစ် စံချိန်တင်ပဲ။ ပထမလကမှ စပေါ်တာဆိုပေမဲ့ တောက်လျှောက် တရုတ်က အဝယ်ရှိနေတော့ ဈေးက လုံးဝ ထိုးတက်သွားတာ။ ပေါ်ပေါ်ချင်း ဈေးတောင် တော်တော်များနေပြီလို့ ပြောရမယ်။ အခုက တပတ်အတွင်းလေးကိုပဲ တထောင်ကျော်လောက် တက်သွားတာ။ မြေပဲကြားက ပြည်ပပို့တာကို မှီခိုအားထားရတဲ့ကုန် ဆိုတော့ တရုတ်အဝယ်လိုက်နေသရွေ့တော့ ဈေးကျဖို့ အခြေအနေ မရှိပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက တရုတ်နိုင်ငံကို မြေပဲကြား ကုန်ချိန် ၄ သိန်း တင်ပို့ခဲ့သလို အခုလမှာလည်း အဲဒီထက်ပိုများတဲ့ပမာဏ ဆက်လက်တင်ပို့သွားမယ်လို့ သူက ဆက်ပြောပါတယ်။
မြေပဲကြားဟာ အခုနှစ်မှာ တရုတ်က အများအပြား ဝယ်ယူနေသလို ပြည်တွင်းမှာလည်း စံချိန်တင် ဝယ်ယူမှုများနေတယ်လို့ တောင်ကြီး ရှိမြေပဲကြားကုန်သည်တဦးက ပြောပါတယ်။
“မြေပဲကြားအခြေအနေကလည်း ကျနော်တို့အတွက်ကတော့ ဒီနှစ် တကယ်အားရစရာပဲ။ ဈေးကောင်းပြီး အဝယ်ကောင်းတော့ အမြတ်အများကြီးကျန်တယ်။ မြေပဲကြားဟာ အမျိုးသမီးတွေအတွက် ဓာတ်စာလိုမျိုး ဆေးဘက်ဝင်တော့ တရုတ်ဘက်က ပုံမှန်ထက် ပိုဝယ်တယ်။ ပြည်တွင်းမှာလည်း မြေပဲကြားက ဆေးဘက်ဝင်တယ်ကြားလို့ စမ်းစားလာတယ် ထင်တယ်။ အရင် နယ်တွေဘက် အရောင်းထိုင်းတဲ့ မြေပဲကြားက ခုရောင်းနေရတယ်။ ပြီးတော့ မြေပဲကြား တဆင့်ခံရောင်းတဲ့သူတွေလည်း များလာပါတယ်။”
မြေပဲကြားကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိကစိုက်ပျိုးပေမဲ့ အခုနှစ်မှာ မိုးရွာသွန်းမှုနည်းသလို ရေသွင်းလို့ အဆင်မပြေတာကြောင့် မကွေးတိုင်းမှာ စိုက်ပျိုးမှု မရှိသလောက် နည်းပါးတယ်လို့ တောင်သူတွေက ပြောပါတယ်။
မြေပဲကြားကို မေနဲ့ ဇွန်မှာ မိုးဦးကာလ၊ သြဂုတ်လမှာ မိုးလယ်ကာလနဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ မိုးနှောင်းကာလအဖြစ် သုံးကြိမ် စိုက်ပျိုးပါတယ်။