အမေရိကန်နိုင်ငံ၊ ပန်ဆလ်ဗေးနီးယားပြည်နယ်မှာ အကျဉ်းထောင်ကနေ အုတ်တံတိုင်းကို ကျော်တက်ပြီး လွတ်မြောက်သွားတဲ့ လူသတ်မှုတရားခံ အကျဉ်းသားတယောက်ကို ပြည်နယ် အာဏာပိုင်တွေဟာ လိုက်လံဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဘရာဇီးလ်ဇာတိဖြစ်တဲ့ ဒါနယ်လို ကားဗားကန်ချေဟာ သြဂုတ်လ ၃၁ ရက်က ချက်စ်တာကောင်တီ အကျဉ်းထောင်ကနေ လွတ်မြောက်သွားတာပါ။
သူ့ကို တွေ့မြင်လိုက်သူ အများအပြားရှိပြီး အကျဉ်းထောင်ကနေ ၂ မိုင်လောက် အကွာရှိ တောထူထပ်တဲ့ ကျေးလက်ဒေသမှာ ထွက်ပြေးနေတယ်လို့ သတင်းပေးပို့ကြပါတယ်။
ကားဗားကန်ချေဟာ သူ့ရဲ့ရည်းစားဟောင်းကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဒီတရားခံပြေးဟာ အန္တရာယ်ရှိတယ်လို့ ယူဆကြောင်း ပန်ဆလ်ဗေးနီးယား ပြည်နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးကြီးဂျော့ဂျ်ဘီဗင်းန်စ်က သတိပေးခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ကားဗားကန်ချေပုန်းအောင်းနိုင်တဲ့ နေအိမ်အလွတ်တွေကို သတိပြုကြဖို့နဲ့ နေအိမ်ဗလာတွေကို ရှာဖွေမှုတွေအတွက် ရဲကို ဆက်သွယ်ကြဖို့ အကြံပြုထားပါတယ်။
Source/Photo - Reuters