နိုင်ငံတွေအချင်းချင်းကြား ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စစ်အေးတိုက်ပွဲသစ်ကို ဆန့်ကျင်ဖို့ အရေးကြီးတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက စက်တင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာနေချိန်အတွင်း ကမ္ဘာ့ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စုရုံးရောက်ရှိနေချိန်မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အာဆီယံ- တရုတ် ထိပ်သီးအစည်းဝေးတက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် လီချန်းက “အဓိကကတော့ ပြဿနာတွေကို ရင်ဆိုင်ဖို့၊ နားလည်မှုလွဲမှားမှုတွေကို ဖယ်ရှားဖို့၊ ကွဲပြားမှုတွေကို စီမံခန့်ခွဲဖို့က အားလုံးအတွက်ဖြစ်ကြောင်းနဲ့ ငှက်ကုလားအုတ် ပေါ်လစီလို့ တင်စားကြတဲ့ သိသာထင်ရှားတဲ့ ကိစ္စရပ်တွေကို လျစ်လျူရှုပြီး ပြဿနာတွေ မရှိဘူးလို့ ဟန်ဆောင်တဲ့ သဘောထားတွေနဲ့ လုပ်ဆောင်နေမယ်ဆိုရင် လက်ရှိ ပြဿနာတွေကို ပိုဆိုးစေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတွေဟာ သဘောထားကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ် လီချန်းက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့အတူ နှစ်စဉ်ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ အငြင်းပွားမှုတွေထဲ ဆွဲသွင်းကြားညပ်ခံရမယ့် အန္တရာယ်ကို သတိထားနေရတဲ့ အာဆီယံအစုအဖွဲ့ဟာ တရုတ်ဝန်ကြီးချုပ် လီချန်း၊ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်နဲ့ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အိန္ဒိယတို့ အပါအဝင် မိတ်ဘက်နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ စည်းဝေးနေတာပါ။
ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတက်ရောက်ကြပါဘူး။
Source/Photo-Reuters