Home
မြန်မာသတင်း
စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ကန့်ဘလူနှင့် ရွှေဘိုဒေသခံ ထောင်ချီ စစ်ဘေးရှောင်
DVB
·
September 6, 2023
Kant Ba Lu war victims 06092023 1
Shwe Bo

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေဆီကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁ ရက်က စတင်ပြီး ဒီနေ့ စက်တင်ဘာ ၆ ရက်အထိ တရွာဝင် တရွာထွက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ရှောင်နေကြရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကန့်ဘလူနယ်တောင်ခြမ်းကို ကနဦး စစ်သားအင်အား ၁၀၀ နီးပါးနဲ့ စတင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့မှာ ဒေသခံ ပျူစောထီးတွေကို ထပ်မံခေါ်ယူ အင်အားဖြည့်ပြီး ဆက်လက် စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပြေသာရွာသားတဦးက “စစ်ကြောင်းထိုးလာပြီ ဆိုကတည်းက ကျနော်တို့ ဒေသခံတွေကတော့ မိုးရွာရွာ၊ နေပူပူ ထွက်ပြေးရတာပဲ။ အခုလည်း ရွာကနေ ထွက်ပြေးနေရတာ ၇ ရက်လောက် ရှိနေပြီ။ အခုလို ရွာကနေ စစ်ကြောင်းထိုးလာတိုင်း ထွက်‌ထွက်ပြေးနေရတော့ ကိုယ့် တောင်သူလုပ်ငန်းတွေလည်း မလုပ်ရဘူး။ ဒီစစ်ပွဲကြီး မြန်မြန်ပြီးပါတော့လို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ကျေးရွာအများစုကတော့ ကန့်ဘလူမြို့နယ် တောင်ခြမ်းက ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ထိန်တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မဲသည်၊ သပြေသာ၊ ကိုင်းရိုး အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကျောက်မြောင်းမြို့၊ ခမရ ၁၂ စစ်တပ်က စစ်သားတွေနဲ့ ဂွေးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတွေ ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်နေ ကိုရဲခေါင်က “စစ်ကြောင်းစထိုးတဲ့အချိန်က ၁၀ နာရီလောက်ကစပြီး စစ်ကြောင်းစထိုးလာတာဗျ။ ကံကြီးတော၊ တကန်သာ၊ ငပိအိုး၊ ရွာသစ်ကုန်း၊ သဲကျွန်းကျေးရွာနဲ့ ဇောင်ဂျန်းကုန်း ကျေးရွာတွေဘက်ကို ဦးတည် စစ်ကြာင်းထိုးနေတာပါဗျ။ ရွာတွေဝင်မယ်ဆိုရင် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်တာ။ အဲလိုလုပ်တော့ ဒေသခံတွေ ရွာထဲကနေ အကုန်ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်။ စစ်ဘေးရှောင် ဘယ်လောက်ရှိလဲဆိုတော့ သောင်းဂဏန်းလောက် ရှိတယ်‌‌ဗျ” လို့ ပြောပါတယ်။

စစ်တပ်က ကျေးရွာတွေကို ဝင်ရောက်တဲ့အခါ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်တာကြောင့် ငပိအိုးကျေးရွာက ပြည်သူ ၁ ဦး၊ သဲကျွန်းရွာက ပြည်သူ ၂ ဦး လက်နက်ကြီးအပိုင်းအစ ထိမှန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024