စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေဝင်တောရွာကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၆ ရက် နေ့ခင်း ၁ နာရီလောက်က စတင်ပြီး မီးရှို့နေတယ်လို့ ဆားလင်းကြီး ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်က စက်မှု ၁ ကနေ အင်အား ၁၀၀ နီးပါးနဲ့ စတင်ထွက်ခွာလာတဲ့စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူ ကိုဩက “မနက်ခင်း ၅ နာရီခွဲလောက်ကနေ စစ်ကြောင်းက စထိုးတာဗျ။ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ကို မီးရှို့တာပါ။ သူတို့ မနက်ခင်းအစောကြီး ရွာထဲကို ရောက်တယ်။ ရွာထဲက ပြည်သူတွေရဲ့ အသံချဲ့စက်တွေယူပြီး သီချင်းဆိုနေကြသေးတယ်။ သူတို့ကတော့ အောင်ပွဲခံတာ နေမှာပေါ့လေ။ အဲဒါပြီးတော့ နေ့ခင်း ၁ နာရီခွဲလောက်ရောက်တော့ ရွာကို မီးရှို့တော့တာပါပဲဗျာ။ အခုထိ ရွာထဲကနေ မထွက်သေးဘူးဆိုတော့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေစာရင်းကတော့ မသိရနိုင်ဘူးဗျ” လို့ ပြောပါတယ်။
အခုလို ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်နေတာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာလည်း စစ်အင်အား ၁၅၀ နဲ့ ညောင်ပင်ကြီးရွာနဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီက ကင်းပုန်းဝပ်ပြီး ဒေသခံအရပ်သားတွေနဲ့ ခရီးသွားတွေကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝက်လက်မြို့နယ်မှာလည်း ရွှေဘိုမြို့ကနေ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ချောင်းမီးတိုကျေးရွာကို စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီလောက်က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းမီးတိုရွာသားတဦးက “မီးကဝောာ့ အခုထိ ရွာထဲကနေ မထွက်သေးဘဲကို ရှို့နေကြတာဗျ။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ရွာထဲကနေ စစ်ကြောင်းကလည်း မထွက်သေးတော့ အိမ်ဘယ်နှလုံး မီးလောင်တယ် ဆိုတာကတော့ မပြောနိုင်သေးဘူးဗျ။ စစ်ကောင်စီက ဘာကြောင့် ရွာကိုမီးရှို့တာလဲဆိုတော့ ဒေသခံတွေကို ဒုက္ခရောက်အောင်ကို တမင်တကာကို လုပ်နေတာဗျ။ မြေပြင်မှာက ဘာတိုက်ပွဲမှ မရှိဘဲကို ပစ်ခတ်မီးရှို့တာပါဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း ပထမအကြိမ် စစ်ကောင်စီတပ်က အခုလို ရွာကိုဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၁၂၀ လောက် ဆုံးရှုံးခဲ့ပြီး အသက် ၈၀ ကျော် အဘွားအိုတဦးအပါအဝင် နွားအကောင် ၄၀ ကျော်နဲ့ အိမ်မွေးတိရစ္ဆာန် အများအပြားလည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ စစ်ကောင်စီတပ် ရွာထဲကနေ မထွက်သေးတာကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။