Home
မြန်မာသတင်း
တောင်ကိုရီးယားကို ရာသီချိန် လုပ်သားစေလွှတ်မည့်သတင်း မဟုတ်မှန်
DVB
·
September 6, 2023
Workers in South Korea

မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားတွေ စေလွှတ်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီသတင်းတွေမှာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားအဖွဲ့အစည်းတချို့က ပြောပါတယ်။

အမျိုးသမီးတွေပါ သွားရောက်လုပ်ကိုင်နိုင်ပြီး ကာလတိုလုပ်ကိုင်နိုင်မယ့် ရာသီချိန် လုပ်သားတွေကို စေလွှတ်တော့မယ်ဆိုတဲ့ သတင်းကို ကိုရီးယားဘာသာ သင်တန်းကျောင်းတချို့နဲ့ အဖွဲ့အစည်းတချို့က ဖြန့်ဝေကာ လူစုဆောင်းမှုရှိနေတာလို့ တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေက ဆိုပါတယ်။

တောင်ကိုရီးယား အလုပ်အကိုင် စိတ်ဝင်စားသူတဦးက “အလုပ်သမားတွေကြားမှာလည်း အဲဒီသတင်းက တော်တော်ပျံ့နေတယ်။ သင်တန်းကျောင်းတချို့ဆိုရင် အဲဒီသတင်းနဲ့ ချိတ်ပြီး သင်တန်းသားတဦးကို ငွေကျပ် သိန်းဆယ်နဲ့ချီ သင်တန်းကြေး သတ်မှတ်လာကြတာ တွေ့တယ်” လို့ ပြောပါတယ်။

အခုလို ရာသီချိန် လုပ်သားစေလွှတ်မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားသာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဘက်က အတည်ပြုပြောဆိုထားတာ မရှိဘူးလို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီနေသူတွေက ဆိုပါတယ်။

တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီနေတဲ့ ကိုဇော်မိုးအောင်က “ကိုရီးယား ရာသီချိန် လုပ်သားများ မြန်မာ မခေါ်ပါ။ ကိုရီးယား ရာသီချိန် စိုက်ပျိုးရေးသမားများ၊ ရေလုပ်သားများကို EPS မှလွဲ၍ တရားဝင်ခေါ်ဆိုခြင်း မရှိပါ။ တိုင်းပြည်ကြီး ဒုက္ခရောက်နေချိန်မှာ မသိနားမလည်ကြတဲ့ ကိုယ့်ပြည်သူတွေကို ထပ်ဒုက္ခမပေးကြပါနဲ့” လို့ သူ့ရဲ့ လူမူကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

ရန်ကုန်မြို့ရှိ တောင်ကိုရီးယားသံရုံးကလည်း မြန်မာနိုင်ငံမှ ရာသီချိန် လုပ်သားခေါ်ယူဖို့ မရှိသေးတဲ့အကြောင်းနဲ့ တစုံတရာ သိချင်တာရှိရင် သံရုံးကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်တယ်ဆိုပြီး ဇွန်လက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

လက်ရှိမှာ အသက် ၂၅ ကနေ ၅၀ ကြားရှိ အမျိုးသား၊ အမျိုးသမီးတွေ E-8 ဗီဇာအမျိုးအစားနဲ့ ဘာသာစကားလိုအပ်ချက် မရှိဘဲ တောင်ကိုရီးယားနိုင်ငံကို ကာလတို သွားရောက်လုပ်ကိုင်နိုင်တော့မှာဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ရာသီချိန်လုပ်ငန်းဟာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကဏ္ဍတွေဖြစ်ပြီး ပင်ပန်းမှုနဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် လုပ်ငန်းခွင် အဆင်မပြေမှုပြဿနာ အဆိုးဆုံးရှိတဲ့ လုပ်ငန်းအမျိုးအစား ဖြစ်တယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့သာ မြန်မာလုပ်သားတွေကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က တာဝန်ယူ စေလွှတ်နေတာ ဖြစ်ပါတယ်။

ကိုရီးယားမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၅၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေသလို လစဥ် လုပ်သားရာချီ ဆက်လက်ထွက်ခွာနေတယ်လို့ အလုပ်သမားရေးရာ မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024