အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖွဲ့ဝင်တဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
စက်တင်ဘာ ၅ ရက် မနက် ၇ နာရီလောက်က ခမ်းပါတ်မြို့ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ NLA တပ်ဖွဲ့တွေကြား ရန်လင်းဖိုင်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ မိမိတို့ NLA ဘက်က တပ်သားတဦး ကျဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံခဲ့ရပြီး စစ်ကောင်စီဘက်က တပ်သားတဦး ကျဆုံးတာကို မြင်တွေ့ခဲ့ရတယ်လို့ ရှေ့တန်းရောက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရန်လင်းဖိုင်ရွာအနီး တိုက်ပွဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် PDF အလောင်း ၁ လောင်း၊ M-၂၂ သေနတ် ၁ လက်၊ M-၂၂ ကျည်အိမ် ၃ ခု၊ M-၂၂ ကျည် ၁၂၈ တောင့်နဲ့ ပြောက်ကျားယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ National Liberation Army ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပြီး တိုက်ပွဲဖြစ်ပွားရာ ရန်လင်းဖိုင်ရွာက ဒေသခံတွေကတော့ အိန္ဒိယနိုင်ငံထဲမှာ တိမ်းရှောင်နေကြတာ တနှစ်ကျော် ကြာနေပြီလို့ သိရပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ထင်းဇင်ရွာနဲ့ ဘုတ်ကန်ရွာကြားက ကျောက်မီးသွေး သိုလှောင်စခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။