စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်တော်သာရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး တယောက် စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်မှုကြောင့် စက်တင်ဘာ ၅ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ မဟွဲဘွဲ့ဟာ ဩဂုတ် ၂၇ ရက်က သူငယ်ချင်းနဲ့အတူ ကလေးမြို့ကိုလာစဉ် လမ်းမှာ စစ်ကောင်စီရဲ့ ရှောင်တခင်စစ်ဆေးခံခဲ့ရပြီး အကြောင်းမည်မည်ရရမရှိဘဲ နားထဲက သွေးထွက်ကျတဲ့အထိ ပါးတွေ နားတွေ ရိုက်ခံခဲ့ရကာ ဖုန်း၊ ဆိုင်ကယ်၊ ပိုက်ဆံအိတ်တွေကို ယူပြီး လူကိုတော့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး နောက်တရက် ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာတော့ မဟွဲဘွဲ့ဟာ မနက်စာ စားနေစဉ် တကိုယ်လုံးကိုက်ခဲပြီး ခေါင်းမတရားကိုက်ခဲမှုကို ခံစားရကာ သတိလစ်မေ့မြောသွားခဲ့ပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။
မဟွဲဘွဲ့မှာ သတိလစ်မေ့မြောတတ်တဲ့ရောဂါ မရှိဘူးလို့ သိရကာ ကလေးမြို့ ရှင်းဟုန်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့ပေမဲ့ လုံးဝ သတိပြန်လည်မရတာကြောင့် ဦးနှောက်နဲ့ အာရုံကြော စစ်ဆေးဖို့ ဆရာဝန်က ညွှန်ကြားခဲ့တဲ့အတွက် မန္တလေးမှာ ဆေးကုသမှုခံယူရင်း ဆုံးသွားတာလို့ သေဆုံးသူနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
ကလေးဒေသခံ တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဆလိုင်းဗန်ထောင်ဘိတ်က “လမ်းသွားလမ်းလာ သာမန်ပြည်သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ မထင်ရင် မထင်သလို စစ်ဆေးတယ်၊ ဖုန်းတွေသိမ်းတယ်၊ ငွေယူတယ်၊ တောင်းတယ်။ ပြီးတော့ ဘာအပြစ်မှမရှိလည်း ရိုက်နှက်တာတွေ လုပ်တယ်။ အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေရဲ့ လုပ်ရပ်က အင်မတန်မှ ရွံရှာဖို့ကောင်းတယ်” လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့အတွင်းမှာတော့ စစ်ကောင်စီက ရှောင်တခင် စစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ဩဂုတ် ၁၂ ရက်ကလည်း ကလေးမြို့တွင်းကနေ ဆေးခန်းပြပြီး ပြန်လာတဲ့ ကျွန်းချောင်းရွာက ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ - မဟွဲဘွဲ့