ပြည်တွင်းမှာရှိတဲ့ စားအုန်းဆီ ရောင်းဝယ်တဲ့ လက်လီဆိုင်တွေဟာ စစ်ကောင်စီ ချမှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ စားအုန်းဆီ ဝယ်ယူလို့မရတာကြောင့် ပြန်လည်ရောင်းချနိုင်ခြင်းမရှိဘူးလို့ စားအုန်းဆီ လက်လီရောင်းဝယ်သူတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနက စားအုန်းဆီကို သတ်မှတ်စျေးနဲ့ မရောင်းရင် ဖမ်းဆီးမယ်လို့ ထုတ်ပြန်တာကြောင့် လက်ရှိမှာ စားအုန်းဆီရောင်းဝယ်မှုကို ရပ်နားထားရတယ်လို့ စားအုန်းဆီရောင်းဝယ်သူတဦးက ပြောပါတယ်။
“သူတို့ စကြေညာတုန်းက လက်ကားဆိုင်တွေကနေ ၄,၀၀၀ စျေးနဲ့ ဆီ ၂ ပုံး ရလိုက်တယ်။ အဲဒါကုန်တော့ သွားဝယ်တော့ လက်ကားဆိုင်မှာလည်း မရတဲ့အပြင် ဘယ်ဆိုင်မှာမှလည်း မရတော့ဘူး။ သူတို့စာထုတ်ထားတဲ့ ဆိုင်တွေကို ဆက်သွယ်ကြည့်တော့ တန်းဆီစနစ်ပဲ ရောင်းပေးတယ်၊ လက်လီဆိုင်တွေကို မရောင်းပေးတော့ဘူးဆိုပြီး၊ အမတို့လည်း အပြင်ကကော အွန်လိုင်းပေါ်ကကော ရှာပေမဲ့ ဝယ်ရင်းစျေးက တပိဿာ ၈,၀၀၀ လောက် ပေါက်နေတော့ ရောင်းဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒါကြောင့် အခု စားအုန်းဆီ မရောင်းတော့ဘဲ မြေပဲဆီတို့ ပဲရောဆီတို့ပဲ အဓိကထား ရောင်းတော့တယ်။”
စားအုန်းဆီ တည်ငြိမ်ရေးအဖွဲ့က မြန်မာနိုင်ငံ မြို့ကြီးတွေကို နေ့စဥ် ခွဲတမ်းနဲ့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးနေတာ ၂ ပတ်နီးပါး ရောက်ရှိလာပြီး ဖြစ်ပေမဲ့ ဖြန့်ဖြူးပေးတဲ့ပမာဏမှာ ပြည်တွင်းစျေးကွက် လိုအပ်ချက်နဲ့ ဝေးကွာတာကြောင့် မှောင်ခိုစျေးကွက်ကို တွန်းပို့နေသလို ဖြစ်နေတယ်လို့ မန္တလေးရှိ စာအုန်းဆီးရောင်းဝယ်ရေး ဒိုင်တဦးက ပြောပါတယ်။
“ဈေးနှုန်းတန်းတခုကို ထိန်းဖို့ဆိုရင် ဖြန့်ဝေမှုရယ်၊ ရောင်းမယ့်သူရယ်၊ ကုန်ပစ္စည်းရယ်ဆိုပြီး လိုအပ်တယ်။ အခုက ဖြန့်ဝေတဲ့နည်းစနစ်က မှားနေသလို ရောင်းဝယ်ဖို့ကလည်း နည်းလမ်းမှားနေတယ်။ အဆိုးဆုံးဟာ ကုန်ပစ္စည်းက စျေးကွက်လိုအပ်ချက်ကို ပိုပြီးဖြန့်ရမှ အဆင်ပြေမှာကို စျေးကွက်လိုအပ်ချက်တောင် မဖြည့်ပေးနိုင်ဘူး။ ကျနော်တို့လည်း အခုလက်ရှိ အရောင်းအဝယ်သာ လုပ်နေပေမဲ့ စိုးရိမ်မှုတွေ အများကြီးရှိနေတယ်။”
လက်လီ စားအုန်းဆီ ရောင်းဝယ်တဲ့သူတွေ အနေနဲ့ ပြင်ပစားအုန်းဆီ ရှားပါးမှု၊ လက်ကားဆိုင်တွေမှာ စားအုန်းဆီ လုံလောက်မှုမရှိမှုနဲ့ ရည်ညွှန်းစျေးထက် ပိုရောင်းရင် ဖမ်းဆီးမယ်ဆိုတဲ့ အချက်တွေကြောင့် စားအုန်းဆီ ရောင်းဝယ်မှုကို ခနရပ်နားထားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
စာအုံးဆီကို လက်ရှိမှာ တန်းစီစနစ်နဲ့ အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အာလူးကြော်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
လက်ရှိ မှောင်ခိုဈေးကွက်မှာ စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၁,၀၀၀ မှ ၁၃,၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။