မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ပြန်ပေးဆွဲမှုတွေကို အဓိကပြုလုပ်နေတဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ ကမ္ဘောဒီယားနိုင်ငံကနေတဆင့် ရောက်လာတဲ့ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်ကြီးကြပ်ရေးဗျူ ရို(IB)ရဲ့ စက်တင်ဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
တရုတ်နိုင်ငံသားအယောက် ၂၀ လုံးဟာ တရုတ်နိုင်ငံမှ လည်ပတ်နေတဲ့ ဂိုဏ်းတွေမှာ အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေရှိလာတာကြောင့် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာစဉ် ဖမ်းမိခဲ့တာလို့ လူဝင်ကြီးကြပ်ရေးဗျူရိုကော်မရှင်နာ ဗိုလ်မှူးကြီး ဆက်ဂျာဖန်နဲ့ လက်ထောက် ဗိုလ်မှူးကြီးနူချာနတ်တို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လမှ သြဂုတ်လအတွင်း တရုတ်နိုင်ငံသား ၂၀ နဲ့ ထိုင်းနိုင်ငံသား ၅ ဦးတို့ဟာ မုဒဟန်၊ ကလဆင်၊ ကမ်ဖန်ပက်၊ အယုဒ္ဓယနဲ့ ဆောင်ခိုင်တို့မှာ ဖမ်းဆီးရမိခဲ့ပြီး သူတို့အားလုံးဟာ ကမ္ဘောဒီးယားကနေ မဲဆောက်ကို သွားရောက်ကာ နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်မယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေထဲက ၃ ယောက်ဟာ မြန်မာပြည်ထဲက တရုတ်ပိုင် အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရတာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ကမ္ဘောဒီယားနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းမှုတွေ ခံနေရတာကြောင့် ထိုင်းနိုင်ငံမှတဆင့် မြန်မာနဲ့ လာအိုနိုင်ငံတွေဆီ ရွှေ့ပြောင်းနေပြီး ဒါကို တားဆီးဖို့ အဝေးပြေးလမ်းရဲတပ်ဖွဲ့၊ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုတားစီးရေးဌာနတို့က ပူးပေါင်းစစ်ဆေးနေတယ်လို့ ထိုင်းလူဝင်ကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်ထားပါတယ်။
Source/Photo - Immigration Bureau