ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖေ့ချ်ပူရီခရိုင်၊ ခေါဝ်ယွဲ့မြို့ထဲရှိ မြန်မာအလုပ်သမားအဆောင်တွေမှာ သော့အတုနဲ့လိုက်ပြီး အဖိုးတန်ပစ္စည်းလိုက်လံခိုးယူခဲ့တဲ့ မြန်မာအမျိုးသမီး တယောက်ကို ခိုးရာပါ ရွှေလက်စွပ်သွားရောင်းစဉ် ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
အသက် ၂၆ နှစ်ရွယ် မဇာဇာစိုး ဆိုသူမြန်မာအမျိုးသမီးတယောက်ဟာ ခေါဝ်ယွဲ့မြို့ရှိ မြန်မာအလုပ်သမားအဆောင်တွေမှာ သော့အတုနဲ့ တံခါးဖွင့်ပြီး ပစ္စည်းတွေလိုက်လံခိုးယူခဲ့ပြီး ဩဂုတ် ၂၆ ရက်က သူဟာ ခိုးရာပါရွှေလက်စွပ်တကွင်းကို ခေါဝ်ယွဲ့မြို့ ဆရဖန်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင်မှာသွားရောက်ရောင်းချခဲ့ပါတယ်။
ဒါပေမဲ့အဲဒီလက်စွပ်ဟာ ရွှေအတုဖြစ်နေလို့ ဆိုင်ရှင်က မဝယ်ခဲ့ပါဘူး၊ ဒါ့အပြင် မသင်္ကာစရာ အမူအယာတွေ့ရတဲ့အတွက် လာရောက်စစ်ဆေးဖို့ ရဲစခန်းကို ဖုံးဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေရောက်လာပြီး စစ်ဆေးမေးမြန်းရာမှာ သူဟာ အလုပ်သမားတိုက်ခန်းတွေမှာ ပစ္စည်းလိုက်ခိုးနေတဲ့ အမျိုးသမီးဖြစ်ကြောင်း စီစီကင်မရာက ရိုက်ယူထားတဲ့ သက်သေတွေနဲ့ အတူ သိရတာလို့ ဆိုပါတယ်။
ဒီမတိုင်ခင်က ဆရဖန်းရပ်ကွက် အလုပ်သမားတိုက်ခန်းတွေမှာ ပိုင်ရှင်တွေမရှိတုန်း အခန်းသော့ဖျက်ပြီး ရွှေငွေအဖိုးတန်ပစ္စည်းတွေ အခိုးခံရကြောင်း အဆောင်ပိုင်ရှင်က ရဲစခန်းမှာ တိုင်ကြားထားတာပါ။
သူဟာဒီလပိုင်းတွင်းမှာ နေရာ ၁၀ ခုကနေ စုစုပေါင်း ဘတ် ၈၀၀၀၀ ကျော်တန်ဖိုးရှိ ရွှေ ၊ ငွေနဲ့ စက်ဘီးတွေ ခိုးယူခဲ့တယ်လို့ ခေါဝ်ယွဲ့ရဲစခန်းက ပြောပါတယ်။
အရင်က သူဟာ ဒီခေါဝ်ယွဲ့မြို့နယ်ရှိ စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ဖူးတယ်၊ အဲဒီနောက် အလုပ် ထွက်ပြီး တခြားခရိုင်သွားနေတယ်၊ ပြီးတော့ အဲဒီခရိုင်ကနေ လိုင်းကားစီးပြီး ပစ္စည်းလာခိုးတယ် ၊ ပြီးရင်အဲဒီခရိုင်ကို ပြန်သွားတယ်လို့ ထိုင်းရဲက ဆိုပါတယ်။
ဩဂုတ် ၂၇ မှာတော့ ရဲတွေက သူ့ကို ကျူးလွန်ခဲ့တဲ့နေရာတွေခေါ်သွားပြီး သရုပ်ဖော်ပြန်လုပ်ခိုင်းပါတယ်။ သူဟာ အလုပ်သမားတန်းလျားတခုရှေ့မှာ လှမ်းထားတဲ့ အလုပ်သမားဝတ်စုံကို ခိုးယူဝတ်ဆင်ပြီး အဲဒီကလူလိုလိုနဲ့ အသွင်ယူကာ တခန်းပြီးတခန်းသော့ဖွင့် ဝင်ခိုးတဲ့ပုံတွေ ပြန်လုပ်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သူ့ကို နိုင်ငံထဲတရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခိုးမှု၊ ရုပ်ဖျက်မှု၊ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိသူ စတဲ့စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source:- Khaosod / ဖေ့ချ်ပူရီနယူးစ်