ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ထန်းတပင်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “တိုက်ပွဲလည်း မရှိပါဘူး။ အဲဒါကို စစ်တပ်က နေ့လယ် ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်နေတာ အချက်ရေမနည်းဘူး။ အဲဒါ သူ(ဒဏ်ရာရသူ) က ဝက်စာကျွေးပြီး အိမ်ပေါ်တက် အိပ်နေတုန်း အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ကြောင့် အသက် ၄၀ ကျော်အရွယ် မငယ်လေး ဆိုသူဟာ လက်မောင်းနဲ့ ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တဲ့အတွက် မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကလည်း တို မိုးညှင်းမြို့ GTI ကျောင်းအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တပ်ဆင်ပြီး အချက် ၂၀ ထက်မနည်း လှည့်ပတ်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။