တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ခြုံငုံကြည့်ရင် တည်ငြိမ်နေဆဲပဲလို့ တရုတ်အစိုးရက စက်တင်ဘာ ၅ ရက်မှာ ပြောပါတယ်။
G20 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်အစား တရုတ်ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့တာဟာ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား တင်းမာမှုတွေကို ထင်ဟပ်နေသလားဆိုတဲ့ မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုပြောလိုက်တာပါ။
တရုတ်နိုင်ငံဟာ သက်ဆိုင်ရာဖြစ်ရပ်တွေကို အမြဲတမ်း အရေးတယူ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နှစ်စဉ်ကျင်းပမြဲ G20 ထိပ်သီးအစည်းအဝေးကို ကိုးကားပြီး ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်လီဟာ ခုသီတင်းပတ်ကုန်ရက်မှာ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ထိပ်သီးအစည်းအဝေးပွဲကို မတက်လို့ စိတ်ပျက်မိတယ်၊ ရှီနဲ့တွေ့ဖို့ စီစဉ်ဦးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၃ ရက်မှာ ပြောခဲ့ပေမဲ့ အသေးစိတ်အချက်တွေကိုတော့ ဘိုင်ဒင်က မပြောခဲ့ပါဘူး။
Source/Photo-Reuters