ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ထဲက ဝမ်နိုမြို့နယ် လမ်းမကြီးပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစီးကို ထိုင်းဒေသအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Khaosod သတင်းဌာနက စက်တင်ဘာ ၃ ရက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂ ရက် ည ၈ နာရီ ၁ဝ မိနစ်လောက်က ဝမ်နိုမြို့နယ်၊ လမ့်ဆိုင်ကျေးရွာအုပ်စု ဖဟွန်းယိုသင် လမ်းမကြီးပေါ်မှာ ကီလိုကျော်မောင်းနှင်လာတဲ့ တိုယိုတာကား ၂ စီးကို မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ အရှိန်တင် မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မောင်းနှင်ထွက်ပြေးသွားတဲ့ Toyota fortuner ကားကို မိနစ်အနည်းငယ်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှာတော့ ထိုင်းလူမျိုးယာဥ်မောင်းနဲ့ နိုင်ငံခြားသား ၂၁ ဦးတို့ကို တွေ့ရှိခဲ့ရပြီး တခြားကားတစီးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းလူမျိုး ယာဥ်မောင်းအမျိုးသားဟာ တရားမဝင် လမ်းကြောင်းတွေကနေ နိုင်ငံခြားသား အထောက်အထားမဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ ပို့ဆောင်ပေးတာလို့ ထွက်ဆိုခဲ့ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသားတွေက စမွတ်ပရာကန်ခရိုင်ကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြမှာဖြစ်ကာ ပွဲစားခအဖြစ် တဦးကို ထိုင်းဘတ်ငွေ ၁၅,၀၀၀ ယာဥ်မောင်းပွဲစားကို ပေးဆောင်ခဲ့ရကြောင်း တရားမဝင် မြန်မာနိုင်ငံသားတွေက ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းလူမျိုး ယာဥ်မောင်းတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ဆောင်ထားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်တာ၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
Source-Khaosod