မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမ နဲ့ ခေမာသီလမ်းထောင့်ရှိ မြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒီနေ့ ည ၇ နာရီ ၄၀ လောက်က ဗုံးနဲ့ပစ်ခတ်ခံရပြီး စစ်တပ်က ပစ်ခတ်သူကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မကြာခဏဆိုသလို ဗုံးနဲ့ပစ်ခတ်ခံရလို့ မြို့နယ်ခန်းမကို အုတ်တံတိုင်းအမြင့်ကာနေပြီး စစ်ကောင်စီတပ်ကလည်း လုံခြုံရေးယူပေးထားနေစဉ် ဗုံးနဲ့ပစ်ခတ်ခံရတာလို့ င ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အခုရက်ပိုင်း အုတ်တံတိုင်းကို အမြင့်တွေပြန်ကာနေတာ ဗုံးကိုကျော်ပြီး ပစ်လို့မရအောင် စစ်တပ်က လှည့်ကင်းလှည့်ပြီးပြန်လာတဲ့ အချိန်ဖြစ်နေတော့ သေနတ်နဲ့လိုက်ပစ်တာ ထိတဲ့သူတော့မရှိဘူး။ အဝိုင်းမှာ အတော်လေး စစ်နေတယ်။"
ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ယောက်က မြို့နယ်ခန်းမထဲက လုံခြုံရေးကင်းကို ဗုံးနဲ့ချိန်ရွယ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"တပ်က ဗုံးပေါက်လို့သေလည်း သတင်းကသိရတာမဟုတ်ဘူး၊ အခုလောလောဆယ် ခြောက်ကွေ့အထိ စစ်နေတယ် မသင်္ကာတဲ့ ကားနဲ့ဆိုင်ကယ်တွေကို။"