စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကနေ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၅ ရက် ဒီမနက် ၈ နာရီ ၄၅ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုလဲမြို့ရဲ့မြောက်ဘက် အလယ်ဘုံရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိမှန်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ပုလဲမြို့နယ် တိုက်နယ်-၇ ပကဖအဖွဲ့ဝင် ရဲဘော်တဦးက “မိုင်းကတော့ ၂ ကြိမ်ဆွဲခဲ့တာဗျ။ ပထမတကြိမ်က ရှေ့ပြေးကင်းကို မိုင်းဆွဲခဲ့တာပါ။ ကနဦး ကင်းထွက်လာတာက ၇ ဦးလောက် စစ်ကောင်စီဘက်က ထွက်လာတာကို ကျနော်တို့ စ မိုင်းဆွဲတာ။ အဲဒီအကြိမ်က ၃ ယောက်ထိသွားတယ်။ နောက်တကြိမ်ကတော့ အဲလို မိုင်းကွဲတဲ့အသံကြားပြီး နောက်ကနေ စစ်ကူထပ်လာတဲ့ စခတွေကို ဒုတိယအကြိမ် ထပ်မိုင်းဆွဲတယ်။ စခတွေ အဲဒီဒုတိယအကြိမ်ကတာ့ (--)တွေဘက်က ၃ ယောက်ကတော့ နေရာတင်သေတယ်။ ၁၀ ယောက်လောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိထားရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။
ကာကွယ်ရေးအဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ အခုတိုက်ခိုက်မှုကို တိုက်နယ်-၇ ပကဖ၊ ပုလဲမြို့နယ်ပကဖ၊ M7 People Defense Army နဲ့ ဒေသခံ မဟာမိတ် LPDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။