တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က သတင်းထုတ်ပြန်ပါတယ်။
စမ်းလှမ်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးစံရွှေကို ထားဝယ် ပကဖ DDT နဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက လောင်းလုံ-စမ်းလှမ်း လမ်းပိုင်းတနေရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လောင်းလုံးဒေသခံတဦးက “ဦးစံရွှေက နေ့လယ် ၁ နာရီလောက် ရဲစခန်းကအပြန်မှာ ပစ်ခံရတာ၊ ပွဲချင်းပြီးသွားတယ်” လို့ ပြောပါတယ်။
ဦးစံရွှေထံက လောင်းလုံးမြို့မရဲစခန်းနဲ့ အဆက်အသွယ်လုပ်ထားတဲ့ ဖုန်းတလုံး၊ တံဆိပ်တုံးနှစ်ခု၊ တခြားစာရွက်စာတမ်းတွေနဲ့ ငွေသားတချို့ သိမ်းဆည်းရခဲ့တယ်လို့ ထားဝယ်ပကဖက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
ဦးစံရွှေဟာ သတိပေးခံရပြီးဖြစ်ပေမဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေတာကြောင့် ရှင်းလင်းလိုက်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီလိုပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဦးစံရွှေရဲ့ မိသားစု ဆွေမျိုးတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
မေလ ၂၆ ရက်က စမ်းလှမ်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေး ဦးရဲကလေးရဲ့ကား ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် ဦးစံရွှေက စမ်းလှမ်းရွာရဲ့ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လက စမ်းလှမ်းရွာက ပျူစောထီး ကိုဂွမ်မိုးလည်း စမ်းလှမ်းလမ်းပိုင်းမှာပဲ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါတယ်။