ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ ဝိုင်းကျေးရွာတို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ၆ လသား ကလေး ၁ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီလောက်ကနေ ည ၉ နာရီအထိ ခမရ ၁၀ နဲ့ တာပျက်တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်လေးပင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ်အတွင်း နေထိုင်သူတဦးက “ညနေစောင်းဆို အခုလိုပဲ ပစ်နေတာ ကြာပြီ။ အခုရက်ပိုင်း တညကို အချက်နှစ်ဆယ်လောက် ထုတယ်။ တချို့လည်း မြို့ပေါ် ပြောင်းရွှေ့နေထိုင်ကြတယ်။ ငွေကြေးမပြည့်စုံတဲ့သူတွေကတော့ အဆင်ပြေတဲ့နေရာ စစ်ရှောင်နေကြတယ်။ မနေ့က ကျည်ထိတဲ့ထဲက ကလေးငယ်လေးကို စိုးရိမ်ရလို့ ပဲခူးဆေးရုံကြီး ပြောင်းပြီး ကုနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိလို့ ဝိုင်းကျေးရွာမှ ၆ လသားကလေး မောင်ချစ်ချစ်နိုင်နဲ့ မမြင့်မာ၊ ညောင်ပင်ကြီးကျေးရွာက မမျိုးမျိုးထွေး၊ မအေးမွန်ခိုင်တို့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ၆ လသားကလေး အသက်အန္တရာယ် စိုးရိမ်ရလို့ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၉ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
Photo : CJ