မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီက မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို လုံခြုံရေးလာယူတဲ့ စစ်ကား ဗုံးပေါက်ပြီး တပ်ကြပ်တဦး သေဆုံးကာ တပ်သားနှစ်ဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီက ရွာသာအေးကျေးရွာနဲ့ ဘောလုံးကျွန်းကျေးရွာ ယှဥ်ပြိုင်တဲ့ပွဲစဥ်မှာ မြို့နယ်အားကစားကွင်းအနီး လုံခြုံရေးလာယူတဲ့ စစ်ကား ဗုံးပေါက်ပြီး ကားပေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကားရပ်တဲ့အချိန် ဗုံးပေါက်တာ၊ ဘောလုံးကွင်းနဲ့ နည်းနည်းဝေးတယ်၊ လေးယောက် ဒဏ်ရာရတယ်၊ တပ်ကြပ်တဦးက ဆေးရုံမှာ သေသွားတယ်၊ သုံးဦးထဲမှာ တဦးက စိုးရိမ်ရတယ်။”
ဗုံးပေါ်ကွဲမှုကြောင့် စစ်ကားမှာ ပျက်စီးသွားပြီး တပ်ကြပ်အောင်စိုးမိုး သေဆုံးကာ တပ်သားသိန်းဇော်ဝင်း၊ တပ်သားဖြိုးဝေလင်းနဲ့ မသင်းသင်းမြတ်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တပ်ကြပ်အောင်စိုးမိုး သေတယ်၊ တပ်သားဖြိုးဝေလင်းက စိုးရိမ်ရတယ်၊ ကျန်တဲ့နှစ်ယောက် ထိမှန်ဒဏ်ရာပဲရတယ်၊ ညောင်ဦးခရိုင်ဆေးရုံကို ပို့ထားတယ်။”
ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ကျေးရွာ ၁၄ ရွာမှ ဘောလုံးအသင်းတွေ ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။