ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာ စက်တင်ဘာ ၄ ရက်နေ့က အသက် ၉ နှစ် အရွယ် ကလေးအပါအဝင် မိသားစုဝင်သုံးယောက်ကို အမည်မသိလူတစုက ဓားနဲ့ ထိုးခုတ်သတ်ဖြတ် ဓားပြတိုက်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လှိုင်သာယာ ၁၈ ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းနဲ့ အနန္တသူရိယလမ်းထောင့်ရှိ နေအိမ်တအိမ်မှာ မနေ့ နေ့လယ် ၁ နာရီလောက်က မိသားစုဝင်သုံးဦးအသတ်ခံရတာဖြစ်ပါတယ်။၊
ရပ်ကွက်နေသူတဦးက "လမ်းထောင့်က နှစ်ထပ်တိုက်မှာ ဖြစ်တာ။ အဲ့အိမ်က ငွေတိုးပေးစားတာ။ အဖေရော၊ အမေရော၊ ကလေးပါ သတ်သွားတာ။ ဓားနဲ့ မသေမချင်းခုတ်သတ်သွားတာ။ ဓားပြတိုက်ခံရတယ်လို့လည်းပြောကြတယ်။ ဓားပြတိုက်တယ်ဆိုလည်း ပစ္စည်းပဲယူလေ အခုဟာက ကလေးပါသတ်သွားတာဘာကြောင့် သတ်လဲဆိုတာ ဘယ်သူမှသေချာမသိကြဘူး"လို့ ပြောပါတယ်။
သေဆုံးသူမိသားစုဝင်သုံးဦးဟာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးဌေးလွင်၊ ဒေါ်စုလှိုင်ဝင်းနဲ့ အသက် ၉ နှစ်အရွယ် မောင်ဖြိုးမြတ်ကိုကိုတို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ဓားပြတိုက်ပြီး လူသတ်သွားတာလားဆိုတာ သေတဲ့သူ ဘက်မှာ ကျန်တဲ့ မိသားစုဝင်တွေကိုမေးနေတယ်။ အဖေဖြစ်သူကို အောက်ထပ်မှာ ဓားနဲ့ထိုးသတ်ထားတာ။ အမေနဲ့ ကလေးကို အပေါ်ထပ်က အိပ်ရာထဲမှာ ဓားနဲ့ခုတ်သတ်သွားတာ။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတဲ့အဆင့်ပဲ ရှိသေးတယ်။”
လူသတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာခဲ့ပေမဲ့ တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသလို ပစ္စည်းတွေဘယ်လောက်ပါသွားလဲဆိုတာကိုလည်း မသိရသေးပါဘူး။
ဒီအမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် သောင်ကြီးရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အတွင်း စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နဲ့ ၃၀ ရက်ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်မှာ အငှားယာဥ်မောင်းနဲ့ အမျိုးသမီးတယောက်ကို သတ်ပြီး ပိုက်ဆံနဲ့ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။