နည်းပြအဲရစ်တန်ဟတ်ဂ်နဲ့ အဆင်မပြေဖြစ်နေတဲ့ မန်ယူနိုက်တက် တောင်ပံတိုက်စစ်မှူး ဆန်ချိုအနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိကြောင်း နောက်ခံလူဟောင်း ဖာဒီနန်က အကြံပေးသွားပါတယ်။
ဂျေဒန်ဆန်ချိုဟာ အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရသူပါ။ ဆန်ချိုမပါဝင်နိုင်ခဲ့တာက လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က မီဒီယာတွေကို ရှင်းလင်းခဲ့တာပါ။
အဲဒီနောက် ဆန်ချိုဘက်က လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး လူတွေရဲ့စကားတွေကို မယုံကြည်ဖို့ ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန် ရေးတင်ခဲ့ပါတယ်။
အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဆန်ချိုအနေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့မလား၊ အသင်းမှာဆက်နေပြီး တိုက်ပွဲဝင်မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိကြောင်း အကြံပေးခဲ့တာပါ။
လတ်တလောအခြေအနေအရတော့ ဆန်ချိုကို နည်းပြတန်ဟတ်ဂ်က ဆက်လက်ချန်လှပ်သွားဖို့ ရှိနေပြီး ဆန်ချိုအနေနဲ့ အသင်းလူစာရင်းမှာပြန်လည်ပါဝင်လာဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
Photo-Reuters