Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်ခြိမ်းခြောက်မှုကြောင့် လူနာတင်ယာဉ်များ ညဘက်သွားလာမှုရပ်နား
DVB
·
September 4, 2023
ambulance (04-09-2023)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပရဟိတအသင်းတွေကနေ ညဘက်အချိန်တွေမှာ လူနာတင်ဆောင်ခြင်း မပြုတော့ဘဲ ရပ်နားထားရတယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့တပတ်လောက်ကစပြီး တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေကနေ လူနာတင်ယာဉ်တွေ ညဘက်အချိန် သွားလာတာကို ပိတ်ပင်တားမြစ်လာတာကြောင့် အခုလို ညဘက် ရပ်နားထားလိုက်ရတာလို့ ဆိုပါတယ်။

ပရဟိတအသင်းဝင်တဦးက “အဓိက ညဘက်တွေ လူနာယာဥ်တွေထွက်ရင် ခြိမ်းခြောက်တာမျိုး ကြုံရတော့ လူနာယာဥ်တွေအတွက် လုံခြုံမှုမရှိလို့ ရပ်နားလိုက်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ်မှာရှိတဲ့ တပ်သားတွေကနေ လက်နက်ချိန်ရွယ်ပြီး ခြိမ်းခြောက်တာတွေနဲ့ အော်ဟစ်ဆဲဆိုတာတွေအပြင် ရိုက်နှက်ဖို့အထိ လုပ်‌ဆောင်လာတာတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုး ကြုံလာရတဲ့အတွက် ညဘက်မသွားလာတော့တာလို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်မှာ ည ၈ နာရီ နောက်ပိုင်းကစလို့ ညဘက် အပြင်မထွက်ရအမိန့် သတ်မှတ်ထားပေမဲ့ အခုလိုမျိုး လူနာတင်ယာဉ်တွေကို ညဘက်တွေမှာ အသွားအလာ ကန့်သတ်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ညဘက် အရေးကြီးလူနာ၊ သွေးထွက်သံယိုလူနာ၊ သာမန် ကျန်းမာရေးဝန်ထမ်းအဆင့်နဲ့ ကုလို့ရမယ့်လူဆိုရင် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးပါတယ်။ ဒါမှမဟုတ် ဆရာဝန်အဆင့်နဲ့ ပြလို့ရမယ်ဆိုရင် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်” လို့ သူက ထပ်ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်း များပြားတာကြောင့် ဆရာဝန်မလုံလောက်တာတွေ၊ ကုသဖို့ ဆေးအထောက်အကူ လျော့နည်းတာတွေကြောင့် မြို့နယ်အတွင်းရှိ ပြည်သူအများစုမှာ မြိတ်မြို့ရှိ ဆေးရုံ ဆေးခန်းတွေကိုသာ တက်ရောက် ဆေးကုသခံယူလေ့ ရှိတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ မှတ်ပုံတင်ရထားတဲ့ ပရဟိတအသင်း ၂၀ ကျော်ရှိခဲ့ပြီး အခုလက်ရှိမှာတော့ ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်း ၇ သင်းလောက်သာ ကျန်ရှိ‌ပြီး ကျန်တဲ့အသင်းတွေမှာ ခြိမ်းခြောက်ခံရတာမျိုး ကြုံလာရတဲ့အတွက် ရပ်နားကုန်ကြတာလို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်ရှိ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအသင်းတွေမှာ တိုက်ပွဲအတွင်း ထိခိုက်လူနာတွေကို ကူညီဆောင်ရွက်ရတဲ့ အချိန်တွေဆို မကြာခဏ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားတွေ ကြုံတွေ့နေရတာမျိုး ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024