မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံး စက်တင်ဘာ ၃ ရက်ည ၇ နာရီဝန်းကျင်က Drop ဗုံးနဲ့ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဌာနဆိုင်ရာ သတင်းပေးသူတွေကို စစ်ကောင်စီက ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြိုနယ်လုံခြုံရေးအတွက် စုဝေးနေစဥ် ဒရုန်းနဲ့ Drop ဗုံးနှစ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး အစိုးရဝန်ထမ်းတွေထဲမှာ သတင်းပေးရှိနေတာကြောင့် ဖော်ထုတ်အရေးယူသွားမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဌာနဆိုင်ရာထဲမှာ သတင်းပေးရှိလို့ ကြေးနန်းတွေ ပေါက်တာ၊ အစည်းအဝေးလုပ်မှာကြိုသိပြီး လက်နက်ကိုင်ကို သတင်းပေးလို့ ဗုံးကြဲခံရတာ။ အဲ့ဒါနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို စစ်ဆေးဖို့ရှိတယ်။"
ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်ကျော်မင်း လာရောက်မယ်ဆိုတဲ့ သတင်းအရ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။
"ညပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးကို နယ်လုံဝန်ကြီး လာစစ်မယ်ဆိုလို့ အင်အားစုထားတဲ့အချိန်ဖြစ်တာ၊ ဌာနထဲက သတင်းပေးလို့ဖြစ်တာဆိုပြီး ကစထမှူးက မှတ်ချက်ပေးတယ်၊ ဖရဲသီးတွေ စစ်ပြီး အရေးယူမယ်လို့ နယ်လုံဝန်ကြီးက ပြောတယ်။"
အမှတ် ၄ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူးမှာ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဖြစ်ပြီး ဧပြီလအတွင်းက ပြောင်းရွှေ့လာကာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကို ကိုင်တွယ်ရသူတဦးဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်မှာ စက်တင်ဘာ ၁ ရက်က အစားထိုးခန့်အပ်ထားသူတဦးဖြစ်ပါတယ်။