Home
မြန်မာသတင်း
အာဆီယံလူထုဖိုရမ်က မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ
DVB
·
September 4, 2023
INdo PF

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့  ၂၀၂၃  အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ညီလာခံ / အာဆီယံ လူထုဖိုရမ်  (ACSC/APF)မှာ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ် ကြေညာလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ လိုအပ်ချက်တွေကို ထောက်ပြဆွေးနွေးခဲ့ပြီး ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေမှုတွေကို ဖြတ်တောက်အရေးယူဖို့ တိုက်တွန်းခဲ့တဲ့နောက်မှာတော့ တက်ရောက်လာသူတွေရဲ့ သဘောတူညီမှုနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် ထုတ်ဖော်ကြေညာခဲ့တာလို့ ဖိုရမ်တက်ရောက်ခဲ့တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign မှ ကိုစောအယ်မှူးက ပြောပါတယ်။

“ဖိုရမ်မှာတော့ အဓိကဆွေးနွေးခဲ့တာကတော့ အာဆီယံရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေနဲ့ ညံ့ဖျင်းမှုတွေကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တယ်၊ မြန်မာစစ်တပ်ကို အထောက်အပံ့ဖြစ်စေတဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံကိုလည်း စစ်တပ်နဲ့ အဆက်အသွယ် ဖြတ်တောက်ပေးဖို့ တောင်းဆို ဆွေးနွေးခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဖိုရမ်ကိုတက်ရောက်လာတဲ့ အဖွဲ့တွေက မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အနေနဲ့ တရားဝင် ကြေညာခဲ့ပါတယ်။ ဒါဟာ မြန်မာ့တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ အများကြီး အကျိုးသက်ရောက်မှုရှိသလို စစ်တပ်အတွက်ကတော့ ဂုဏ်သိက္ခာအရ အများကြီး ထိခိုက်နစ်နာစေတယ်။ သူတို့ရဲ့ တရားဝင်မှု ကြိုးစားနေတာတွေ လုပ်နေတာဆိုတော့ အဲဒါတွေမှာ သူတို့ အများကြီး ထိခိုက်နိုင်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။”

ဖိုရမ်မှာ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့အပေါ် တောင်းဆိုဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ သွေးစွန်းငွေအဖွဲ့မှ ကိုစောအယ်လ်မှူးက “အာဆီယံကို မြန်မာစစ်အုပ်စုနဲ့ တရားဝင်မှုကို ဖြတ်တောက်ဖို့၊ ငွေကြေးစီးဆင်းမှုနဲ့ လက်နက်ဆိုင်ရာ ထောက်ပံ့မှုကို ရပ်တန့်ဖို့၊ MOGE နဲ့ ပတ်သက်ပြီး စစ်အသုံးစရိတ် ဝင်ငွေရရှိနေတာတွေ အဆုံးသတ်ဖို့၊ NUG၊ NUCC၊ EROs တွေ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တရားဝင်ချိတ်ဆက်ပြီး ရှေ့ဆက်ဆောင်ရွက်ဖို့နဲ့ အရေးပေါ် လူသားချင်းဆိုင်ရာ အထောက်အပံ့များ တရားဝင်ပေးအပ်ဖို့ စတဲ့ အချက်အလက် တွေကိုလည်း အာဆီယံ လူထုဖိုရမ်ကတဆင့် တောင်းဆိုဆွေးနွေးခဲ့တယ်” လို့ ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်နဲ့ ဗီယက်နမ်နိုင်ငံတို့က စစ်အာဏာရှင် ဖိနှိပ်မှုအောက်မှာ ရင်ဆိုင်ရပ်တည်နေတဲ့ မြန်မာလူထုနဲ့အတူ ရပ်တည်ကြောင်းနဲ့ သွေးစည်းညီညွတ်မှု တသားတည်းရှိကြောင်း သတင်းစကား ထုတ်ပြန် ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024