မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မဲရွာကျေးရွာမှာ ပကဖရဲဘော်တယောက်ကို စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
သေဆုံးသွားတဲ့ ပကဖရဲဘော်ဟာ မဲရွာကျေးရွာသား အသက် ၃၀ အရွယ် ဦးဂွတို ဖြစ်ပြီး စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ ဂန့်ဂေါမြို့နယ်အခြေစိုက် ခလရ ၅၀ စစ်ကြောင်းက မဲရွာ ကျေးရွာထဲ ရောက်လာပြီး ပစ်သတ်သွားတာပါ။
မဲရွာကျေးရွာဟာ ဖုန်းလိုင်းမရတဲ့အတွက် စစ်ကြောင်းဝင်လာတဲ့အကြောင်း ပြည်သူတွေကို ဦးဂွတိုက သွားရောက် အကြောင်းကြားပြီး ကယ်ထုတ်နေချိန် ပစ်သတ်ခံခဲ့ရတာလို့ ဂန့်ဂေါမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မဲရွာကလူတွေက စစ်ကြောင်းလာတာ မသိဘူး။ သူက ရွာပြန်ပြီး ရွာသားတွေကို ရှောင်ဖို့ သွားခေါ်ထုတ်နေတဲ့အချိန် နောက်ကျောက ပစ်ခတ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အခြေစိုက် ခလရ ၅၀ တပ် စစ်ကြောင်းဟာ ကျေးရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စားနပ်ရိက္ခာတွေလုယူတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း ကံကုန်းကျေးရွာက မှိုရှာထွက်တဲ့ ဒေသခံရွာသားတယောက်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲမှာ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
ပစ်ခတ် သတ်ဖြတ်တဲ့ စစ်ကောင်စီတပ်ဟာ ကံကုန်းကျေးရွာအနီးက အက်စစ်စက်ရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံကုန်းရွာသားတဦးက “အခုပစ်သတ်ခံရတဲ့ ကလေးက ကျနော်တို့ ကံကုန်းရွာကပါ။ အမည်ကတော့ အရပ်ခေါ်တာကတော့ ဂေါက်သီးလို့ ခေါ်ကြတာဗျ။ အမည်အရင်းကတော့ မသိဘူး။ အသက်က ၃၀ လောက်ရှိပြီ။ အဲဒီကလေးက ဘာနိုင်ငံရေးမှနားမလည်ဘူး။ သူ့ဟာသူ မှိုရှာ၊ ပျားရှာ၊ တောကောင် ထောင်ဖမ်းတဲ့ ဝါသနာရှိတဲ့ ကလေးဆိုတော့ သူတို့ အက်စစ်စက်ရုံအနီးသွားပြီး မှိုရှာတော့ ဖမ်းပြီး ပစ်သတ်ကြတာပါ။ ပစ်သတ်တာလည်း အတော်ရက်စက်တယ်။ ဝမ်းဗိုက် ၂ ချက်၊ ရင်အုံတချက်၊ လက်နှစ်ဖက်ကို တချက်စီ အနီးကပ် ပစ်ခတ်သတ်ထားခဲ့ကြတာဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တရုတ်ကုမ္ပဏီ လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ စံပါယ်တောင် ကြေးနီစီမံကိန်းနဲ့ အက်စစ်စက်ရုံ စတဲ့နေရာတွေကို ကာကွယ်ဖို့ စစ်အင်အား အလုံးအရင်းချထားတာဖြစ်ပြီး ကံကုန်းရွာကလည်း အဆိုပါစီမံကိန်းတွေနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။