စစ်ကောင်စီလက်အောက်မှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ အတန်းပိုင်ဆရာမထံ ကျူရှင်ယူတဲ့ ကျောင်းသားတွေကသာ Grade A အဆင့် သတ်မှတ်ခံရပြီး ကျူရှင်မတက်တဲ့ ကျောင်းသားတွေ ခွဲခြားဆက်ဆံခံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းတွေရဲ့ ပထမဆုံး လပတ်စာမေးပွဲတွေကို ဖြေဆိုခဲ့ကြပြီး အဲဒီစာမေးပွဲတွေမှာ အတန်းပိုင်ဆရာမဆီ ကျူရှင်ယူတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ အဓိကဘာသာရပ်တွေကို အဆင့် A သတ်မှတ်ခံရပြီး ကျူရှင်မယူတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ အဆင့် B နဲ့ အဆင့် C တို့ပဲ သတ်မှတ်ခံရတယ်လို့ သိရပါတယ်။
ကျောင်းသားမိဘတဦးက “စာရိတ္တ၊ ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ တွဲဖက်ဘာသာရပ်တွေကျရင် အကောင်းဆုံးအမှတ်တွေ ပေးတယ်။ အဓိကဘာသာရပ်တွေဆိုရင် A ဆိုတာ အကုန်ပေးတယ်။ ကျူရှင်မယူတဲ့ ကျောင်းသားဆိုရင်တော့ မစဉ်းစားနဲ့၊ ခွဲခြားဆက်ဆံခံရတာမျိုးတွေ လုပ်နေကြတာ” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ ကျူရှင်မသင်ရဘူးလို့ အမိန့်ထုတ်ထားပေမဲ့ လက်ရှိမှာတော့ ကျောင်းထဲမှာပင် ပေါ်ပေါ်ထင်ထင် ကျူရှင်ဖွင့်လှစ် သင်ကြားနေကြပြီး ကျောင်းအုပ်တွေကလည်း မသိကျိုးကျွံ ပြုထားကြတယ်လို့လည်း သိရပါတယ်။
လက်ရှိ ကျူရှင်ဖွင့်လှစ်သင်ကြားနေတဲ့ ဆရာ ဆရာမတွေဟာ ကျူရှင်လခကို တလ ကျပ် ၁၀၀၀၀ ၊ ၁၅၀၀၀ ၊ ၂၀၀၀၀ လောက်အထိ ကောက်ခံနေပြီး အတန်းတတန်းမှာ အနည်းဆုံး ကျောင်းသား ၃၀ လောက် ကျူရှင်ယူကြတာလည်း ရှိတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။
ပြည်သူ့အစိုးရလက်ထက်မှာ ဆရာ ဆရာမတွေ ကျူရှင်မသင်ရတဲ့ အမိန့်တွေကို ထုတ်ပြန်ခဲ့ပြီးတော့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိတဲ့ ဆရာ၊ ဆရာမတွေဟာ တိုင်ကြားခံရပါက ပညာရေးမှူးရုံးတွေမှာ ခေါ်ယူစစ်ဆေးပြီး ထင်ရှားပါက အပြစ်ပေး အရေးယူတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဒါမျိုးတွေ မရှိတော့ပါဘူး။