ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် အမှတ် ၁ စစ်ဆေးရုံအနီးမှာ စက်တင်ဘာ ၄ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ဗုံးတွေ့လို့ စစ်ကောင်စီတပ်သားတွေ လမ်းကိုပိတ်ကာ အိမ်စီးကားတချို့ကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမှတ် ၁ မင်္ဂလာဒုံစစ်ဆေးရုံအနီးမှာ ဒီနေ့မနက်က မပေါက်ကွဲသေးတဲ့ ဗုံးတွေ့လို့ လမ်းပိတ်ကာ စစ်တပ်က ဖောက်ခွဲလိုက်တယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
“ဗုံးပေါက်တာ အသံတော့ကြားတယ်။ စစ်သားတွေလည်း အများကြီးပဲ။ လမ်းလယ်ကျွန်းပေါ် ရပ်ကြည့်နေတဲ့ စစ်သားတွေရော မလှမ်းမကမ်းမှာ စစ်ကားတွေလည်း ရပ်ထားတယ်။ အိမ်စီးကားတွေ အကုန်စစ်တာ။”
မင်္ဂလာဒုံစစ်ဆေးရုံအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံး တွေ့ခဲ့ပြီး ဆေးတပ်က ဖုန်းဆက်အကြောင်းကြားတဲ့အတွက် ဗုံးရှင်းလင်းရေးအဖွဲ့က သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ မင်္ဂလာဒုံတပ်နယ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဝန်ထမ်းအိမ်ရာနဲ့ နီးတဲ့နေရာမှာ ဗုံးထောင်ထားတာ။ ပေါက်ရင် အဲဒီက တပ်ဖွဲ့ဝင်တွေ သေမှာ။ ဆေးရုံထဲမှာရော ဝင်ရှာကြည့်တယ်။ မပေါက်သေးတဲ့ ဗုံးနှစ်လုံးတွေ့လို့ လမ်းပိတ်ပြီး ဖောက်ခွဲပစ်တာပါ။”
လတ်တလောမှာ ပိတ်ထားတဲ့ ရန်ကုန်-ပြည်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးခဲ့ပြီး စစ်ဆေးရုံအတွင်းမှာတော့ စစ်ကောင်စီတပ်သားတချို့ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။