မြန်မာပြည်တွင်းမှာ ဆားလက်ကျန်တွေ ပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဆားဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ ဆားအရောင်းအဝယ်ဈေးကွက်ကနေ သိရပါတယ်။
လက်ရှိ ရန်ကုန်မှာက ဆားကြမ်း တပိဿာကို ကျပ် ၁၂၀၀ ဝန်းကျင်ရှိနေပြီး ဆားအချောတပိဿာကို ကျပ် ၁၆၀၀ ကနေ ကျပ် ၂၀၀၀ အကြားရှိနေပါတယ်။
ရှမ်းပြည်နယ်မှာတော့ ဆားကြမ်းတစ်ပိဿာကို ကျပ် ၁၂၀၀ ကနေ ၁၅၀၀ ၊ ဆားချော တစ်ပိဿာကို ကျပ် ၁၈၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိနေပြီး ၁၀ ရက်အတွင်း ဆားတစ်ပိဿာကို ငွေကျပ် ၆၀၀ ကနေ ၈၀၀ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။
လားရှိုးမြို့နယ်က လက်လီကုန်ခြောက်ရောင်းသူ တစ်ဦးက "ဆားတွေ ၀ယ်လို့ မရတော့ဘူးဆိုပြီး ဈေးကွက်မှာ ဆားတွေ ပြတ်သွားတယ်။ ပြန်ထွက်လာတော့ ဆားကြမ်း တစ်ပိဿာကို ၇၀၀ လောက်ဈေးတက်လာတယ်”လို့ ပြောပါတယ်။
မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းရှင်တွေကတော့ ဆားလက်ကျန် ၂၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေတဲ့အတွက် ဆားထွက်ရာသီမတိုင်ခင်အထိ လုံလောက်မှုရှိတယ်လို့ ပြောပါတယ်။
မော်လမြိုင်ကုန်စည်ဒိုင်က တာဝန်ရှိသူတဦးက "ဆားထွက်ဖို့က နောက်ထပ် ၃ လလောက်ကျန်သေးတယ်။ မွန်ပြည်နယ်တင် မဟုတ်ဘူး။ ဧရာ၀တီနဲ့ ရခိုင်တို့မှာလည်း ကျန်နေသေးတာ ဖြစ်လို့ စိုးရိမ်စရာမရှိဘူး။ ဈေးတွေ မြင့်တက်တာကလည်း လှောင်လက်တွေ ကြောင့်လည်း ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မွန်ပြည်နယ်မှာ ဆားထွက်ရှိမှု လျော့နည်းခဲ့တဲ့အတွက် ဆား တစ်ပိဿာကို ငွေကျပ် ၃၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀,၀၀၀ ခန့်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားအသစ်ပုံမှန်ထွက်ရှိပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကထားတင်ပို့ပေမယ့် လက်ရှိမှာတော့ တင်ပို့မှု နည်းနေတယ်လို့ မြန်မာနိုင်ငံဆားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
ဆားဈေးနှုန်းတွေ လက်လီဈေးကွက်အတွင်း ဈေးမြင့်တက်နေတာဟာ သယ်ယူပို့ဆောင်စရ စရိတ်များတာနဲ့ လှောင်လက် များတာကြောင့် ဖြစ်တယ်လို့ ဆားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။