မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားစက်ရုံအနီးမှာ စက်တင်ဘာ ၄ ရက် ဒီနေ့မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
ပဲခူး-မော်လမြိုင် ကားလမ်းအတိုင်း မြဝတီမြို့ကို စစ်ကူသွားရောက်မယ့် စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတဦးက “စကစဘက်က ဘယ်လိုသတင်းရသွားလဲ မသိဘူး။ လက်နက်ကြီးနဲ့ အရင်ပစ်တာ။ သူတို့ဘက်က ထိခိုက်ကျဆုံး အခြေအနေတော့ မသိရသေးဘူး။ ကျနော်တို့ဘက်က လောလောဆယ် ၃ ယောက် ကျတယ်။ စစ်တပ်ဘက်က စစ်ကူကားတွေ ထပ်ရောက်လာတော့ အင်အားမမျှတာနဲ့ ပြန်ဆုတ်လာတယ်။ လောလောဆယ် ဒီလောက်ပဲ သိရသေးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာ စစ်ယာဉ်တန်းတွေ ရောက်ရှိလာပြီး ယာဉ်နဲ့အတူ လိုက်ပါလာတဲ့ တင့်ကားတွေက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် အလူးကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပြင် ပဲခူး-မော်လမြိုင် ကားလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်နားခဲ့ရတယ်လို့ အလူးကျေးရွာသားတဦးက ပြောပါတယ်။