ဆိုရှယ်မီဒီယာ ကျွမ်းကျင်စွာသုံးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ လူငယ်များအကြားမှာ ကျဖြန့်လုပ်ငန်း အကြောင်းက ရေပန်းစားနေပါတယ်။ ကျဖြန့်လုပ်ငန်းက တရုတ်စကား ကျွမ်းကျင်သူ၊ အင်္ဂလိပ်စကား အခြေခံတတ်ကျွမ်းသူနဲ့ ကွန်ပြူတာစာစီစာရိုက်တတ်တဲ့ လူငယ်တွေကို လစာများများနဲ့ ခေါ်ယူနေတာကို ဖေ့စ်ဘွတ်ခ်ရဲ့ အလုပ်အကိုင်ရှာဖွေတဲ့ Group တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။
ကျဖြန့် ဆိုသည်မှာ အဘယ်နည်း
ကျဖြန့် ဆိုတာ တရုတ်ဘာသာစကား အသံထွက်ဖြစ်ပြီး မြန်မာလို ဘာသာပြန်ရင် အဓိပ္ပာယ်မှာ လိမ်လည်သည်ဟု ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို ဦးဆောင်သူတွေဟာ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်လူမျိုးတွေဖြစ်ကာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်တာတွေကို အခွင့်ကောင်းယူကာ မြန်မာနိုင်ငံနယ်စပ်နဲ့ ရန်ကုန်မြို့ တချို့နေရာတွေမှာ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရဲတွေကို လာဘ်ပေးကာ ပေါ်တင် အွန်လိုင်းလိမ်လည်ကုမ္ပဏီတွေ ဖွင့်လှစ်ထားကြပါတယ်။ အဲဒီကုမ္ပဏီလက်အောက်မှာ လူကုန်ကူးခံရတဲ့ မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပြီး အတင်းအကျပ် ခိုင်းစေခံရတာတွေ၊ မလုပ်ရင် နှိပ်စက်ခံရတာတွေလည်း ရှိပါတယ်။
ဘယ်လို လိမ်လည်ကြလဲ
ကျဖြန့်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း မူဆယ်၊ လောက်ကိုင်လို တရုတ်-မြန်မာ နယ်စပ်၊ တာချီလိတ်၊ မြဝတီလို ထိုင်း-မြန်မာနယ်စပ်နဲ့ ရန်ကုန်ရဲ့ MMB Tower3 လို နေရာတွေမှာ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်ထားပါတယ်။
နိုင်ငံခြားသားတွေက ဦးဆောင်ကြပြီး မြန်မာနိုင်ငံသားတွေက ဝန်ထမ်းအနေနဲ့ ကျဖြန့်လုပ်ငန်းတွေမှာ အလုပ်ဝင်ကြပါတယ်။ ဝန်ထမ်းတချို့က အွန်လိုင်းမှာ Customer service centre မှာလူလိုလို့ လာလျှောက်တာနဲ့ ဝိုင်ဖိုင်ကုမ္ပဏီမှာ လူလိုလို့ လာလျှောက်ကြတာကနေ အလုပ်ရပြီး အလုပ်လုပ်တော့မှ လိမ်လည်ရတဲ့ကုမ္ပဏီ ဖြစ်နေတာကို သိရပါတယ်။
အွန်လိုင်းမှာ လောင်းကစားဝိုင်း၊ အွန်လိုင်းစျေးရောင်း၊ အွန်လိုင်း ချေးငွေကုမ္ပဏီဟန်ဆောင်ခြင်းနဲ့ Big coin စတဲ့ အမျိုးမျိုးသော လုပ်ငန်းတွေနဲ့ လိမ်လည်ပါတယ်။
လောင်းကစားဝိုင်းနဲ့ လိမ်လည်ခြင်းက လောင်းကစားဖို့အတွက် ဆော့ကစားသူ အကောင့်တွေကို ဖုန်းနဲ့ဆက်သွယ်ပြီး ဆက်လက်ကစားအောင် မြှူဆွယ်ကြပါတယ်။ အဲ့ဒီနောက် ကစားသူဘက်က ငွေအမြောက်အမြား နိုင်တဲ့အခါ ငွေလျော်ပေးခြင်း မရှိတော့တာကို အဲဒီလောင်းကစားလိမ်လည်သူ လုပ်ငန်းနဲ့ နီးစပ်သူထံက သိရပါတယ်။
အွန်လိုင်းစျေးရောင်းတာတွေက အွန်လိုင်းပေါ်မှာ စျေးကြီးကြီးပစ္စည်းတွေကို စျေးတော်တော်နဲ့ ရောင်းကာ ဝယ်ယူသူက ငွေလွှဲလိုက်တဲ့အခါ ဘလော့လိုက်ပြီး စျေးရောင်းတဲ့ အကောင့်နာမည်ကိုပါ ပြောင်းလဲလိုက်ကာ တခြားသူတွေကို ဆက်လက်လိမ်လည်ပါတယ်။
ချေးငွေကုမ္ပဏီဟန်ဆောင်ခြင်း ဆိုတာက ဆိုရှယ်မီဒီယာသုံးတဲ့အခါ ချေးငွေဆော့ဝဲလ်တွေ ကြော်ငြာအနေနဲ့ တက်လာပြီး အဲ့ဆော့ဝဲလ်ကို စိတ်ဝင်စားပြီး ဒေါင်းလော့ ဆွဲမိတာက စပါတယ်။ အဲဒီဆော့ဝဲလ်ကိုဝင်ပြီး သုံးစွဲသူက အကောင့်ဖွင့်လိုက်တဲ့အခါ သူတို့လုပ်ခိုင်းတာတွေ တဆင့်ချင်း လိုက်လုပ်ပြီး နောက်ဆုံး အိုကေနှိပ်လိုက်တာနဲ့ wave money ထဲ ပိုက်ဆံဝင်လာပါတယ်။
ချေးငွေဆော့ဝဲလ်သုံးစွဲသူက အကောင့်စဖွင့်တည်းက ကိုယ့်ရဲ့ wave money ရဲ့ အကောင့်ကို ဖြည့်ပေးရတဲ့အတွက် အကောင့်လျှောက်ပြီးတာနဲ့ တပြိုင်နက် ချေးငွေ ယူ၊ မယူသူအားလုံး မိမိတို့ wave acc ထဲ ချေးငွေရောက်လာတာ ဖြစ်လာပါတယ်။ ငွေလွှဲတဲ့အခါ အတိုး ၄၀ ရာခိုင်နှုန်းနုတ်ပြီး တပတ်အတွင်း ချေးငွေပြန်ဆပ်ဖို့ ဖုန်းဆက်တောင်းပါတယ်။
အသုံးပြုသူတွေ ပြန်ဆပ်ခြင်းမပြုနိုင်တဲ့အခါ ချေးငွေဆော့ဝဲလ်အကောင့် စလျှောက်တည်းက မိမိရဲ့ contact list ထဲက ဖုန်းနံပါတ်အားလုံး hack ခံထားရပြီး မပေးနိုင်ရင် အမျိုးမျိုးခြိမ်းခြောက် အရှက်ခွဲတာတွေ ပြုလုပ်တာကို အွန်လိုင်းချေးငွေဆော့လ်ဝဲလ် အသုံးပြုသူ အမျိုးသမီး၊ အမျိုးသား ၁၀ ယောက်ကျော် ပြောပြချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဥ်ဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တွေ့ရပြီး သူတို့က ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေကို အဓိက ပစ်မှတ်ထားပါတယ်။
ကျဖြန့်လုပ်ငန်းတွေထဲမှ Big coin လိမ်လည်ခြင်း ဆိုတာက နိုင်ငံခြားသား သူဌေးတွေဆီက ငွေလိမ်ယူဖို့အတွက် မိန်းမငယ်လေးတွေပုံစံနဲ့ လိမ်လည်လုပ်ဆောင်ရတာကို အဲ့ကျဖြန့်က ဝန်ထမ်းလုပ်ကိုင်သူတဦးဆီကနေ သိရပါတယ်။
Big coin လိမ်လည်ဖို့ အဓိကပစ်မှတ်တွေမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ ကျော် ၅၀ အရွယ်တွေ ဖြစ်ပါတယ်။ ပထမဦးစွာ အဆိုပါလုပ်ငန်းရှင်တွေနဲ့ ဝင်လုံးဖို့ ဝန်ထမ်းတယောက်ကို အင်စတာဂရမ်အကောင့် ၁၅ ခုထက်မနည်း ရှိပြီး ပိုက်ဆံချမ်းသာတဲ့ လှပတဲ့ အမျိုးသမီးသွင်ပြင်နဲ့ ချဥ်းကပ်လေ့ရှိပါတယ်။
တချို့နေရာတွေမှာတော့ ကိုယ့်စိတ်ကြိုက် အမျိုးသမီးတဦးရဲ့ပုံနဲ့ ဗွီဒီယို ၈၀၀ ကျော်လောက် စုဆောင်းပြီး အထက်အရာရှိကို တင်ပြရပါတယ်။ အဆင်ပြေတယ်ဆိုတာနဲ့ အဲဒီအမျိုးသမီးပုံ ဟန်ဆောင်ပြီး လုပ်ငန်းရှင်တွေနဲ့ အီစီကလီ လုပ်ရပါတယ်။
ရင်းနှီးမှုရယူပြီး နောက်တဆင့်အနေနဲ့ လုပ်ငန်းရင်းနှီးဖို့ တိုက်တွန်းပါတယ်။ ပထမ ရင်းနှီးငွေနည်းနည်းနဲ့ စတင်မြှုပ်နှံခိုင်းပြီး အမြတ်ငွေရတဲ့အခါ နောက်တခေါက်ကို များများ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အမြတ်ငွေ ပြန်လည်မပေးတော့ဘဲ လိမ်လည်လိုက်ပါတယ်လို့ နယ်စပ်မှ ကျဖြန့်လုပ်ငန်းလုပ်ကိုင်သူတဦးက ဆိုပါတယ်။
ရန်ကုန်တိုင်း အထက်ပန်းဆိုးတန်းလမ်း MMB Tower 3 မှာလည်း တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးနေတာကို အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတဦးထံမှ စုံစမ်းသိရှိရပါတယ်။
အဲဒီ Tower မှာ အထပ်များစွာရှိပြီး အထပ်တိုင်းဟာ ကျဖြန့်လုပ်ငန်း လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေဖြစ်ကာ တလွှာမှာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိတာကို အဆိုပါနေရာမှ ကျဖြန့်လုပ်ကိုင်သူနဲ့ နီးစပ်သူတဦးထံက သိရပါတယ်။
“'အဲ့ကုမ္ပဏီက အပြင်လူတွေ ဝင်မရပါဘူး၊ သူတို့က မြန်မာရဲတွေကို လာဘ်ပေးပြီး လက်ဝါးချင်း ရိုက်ထားတယ်။ တကယ်လို့ ရဲတွေလာစစ်ရင် ကုမ္ပဏီက ဇာတ်ကြိုတိုက်ထားတဲ့ ဝန်ထမ်းတွေကို လွှတ်ပေးလိုက်တယ်။ အဲ့လူတွေ စခန်းက စစ်ဆေးပြီးလို့ ပြန်ရောက်ရင် တသိန်း ဆုချပါတယ်။ ရဲတွေကို လာဘ်ပေးထားတာ သိန်း ၂,၀၀၀ လောက် ရှိတယ်” လို့ ရန်ကုန်မြို့ ကျဖြန့်လုပ်ငန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
မြန်မာရဲတွေ ဝင်ရောက်မစစ်ဆေးခင်အချိန်မှာ ကြိုတင်သတင်းရထားကာ ခိုးဝင်နေထိုင်တဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်လူမျိုးတွေဟာ အထုပ်ကိုယ်စီနဲ့ ကြိုရှောင်သွားကြပါတယ်။ မယ်ထော်သလေဘက်က ကျဖြန့်လုပ်ငန်းနဲ့ နီးစပ်သူတဦးက “တရုတ်တွေက ပုံရိုက်ခွင့်မပေးဘူး၊ သူတို့မျက်နှာတွေမြင်ပြီး ပြည်မတွေ ပေးမဝင်တော့မှာ အရမ်းစိုးရိမ်တာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသားတယောက်ရဲ့ ကျဖြန့်လုပ်ငန်းမှာ ရတဲ့လစာမှာ အခြေခံလစာ ကျပ် ၄ သိန်း၊ ရက်မှန်ကြေး ကျပ် ၁ သိန်းနဲ့ ညဆိုင်း ကျပ် ၁ သိန်း စုစုပေါင်း ကျပ် ၆ သိန်းရကာ တချို့နေရာတွေမှာ တလကို ကျပ်သိန်း ၃၀ ထိ လစာရတတ်ပါတယ်။
ရန်ကုန်မြို့ တခြားနေရာမှ ကျဖြန့်လုပ်ငန်း ဝန်ထမ်းတဦးက “အပြင်မှာ ဒီလိုမျိုး သက်သက်သာသာနဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။ နားရက်လည်း ယူလို့ရတယ်။ သူ့အတွက် အဆင်ပြေပါတယ်” လို့ ဖြေကြားထားပါတယ်။
မြန်မာလုပ်သားတွေရဲ့ ကိုယ်ပိုင်ဖုန်းတွေကို သိမ်းထားပြီး သူတို့ရုံးကဖုန်းကို ပေးသုံးထားကာ ဖုန်းရှိ ကင်မရာတွေကို တိတ်တွေနဲ့ ကပ်ထားပါတယ်။
မြန်မာဝန်ထမ်းအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတာတွေလည်း ရှိပါတယ်။ တရုတ်စကားပြန်လုပ်တဲ့ မြန်မာတချို့ဟာ ဝန်ထမ်းတွေရဲ့ လစာကို မပေးဘဲ ဖြတ်ယူထားကာ အလုပ်ထုတ်ပစ်တာတွေလည်း ရှိပါတယ်။
နောက်ဆက်တွဲ ဘယ်လို လူကုန်ကူးခံရလဲ
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကျဖြန့်လုပ်ငန်းတွေဟာ မြန်မာလုပ်သားတွေကို လိမ်လည်လှည့်ဖျားကာ လက်မှတ်ထိုး စေခိုင်းတာ ရှိပါတယ်။
နယ်စပ်မှာ လူကုန်ကူးခံရပြီး လွတ်မြောက်လာတဲ့ အမျိုးသမီးတဦးက အခုလို ပြောကြားထားပါတယ်။
“ကျမကို အလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ကျမအပါအဝင် ၃ ယောက်ပါ။ အထပ်ထပ်ကာထားတဲ့ အဆောက်အဦထဲမှာ အပြင်ပေးမထွက်ဘဲ ထားထားတယ်။ နောက် ရက်အနည်းငယ်ကြာတော့ တရုတ်လိုရေးထားတဲ့ စာချုပ်မှာ လက်မှတ်ထိုးခိုင်းတော့ လက်မှတ်ထိုးလိုက်တယ်။ ရက်နည်းနည်းကြာမှ ကျမတို့ ရောင်းစားခံရပြီး လူကုန်ကူးခံရတာ သိတယ်” လို့ ပြောပါတယ်။
အဲဒီအဆောက်အဦတွေကို လက်နက်ကိုင်အဖွဲ့ စောင့်ကြပ်နေကာ လုပ်သားတွေကို တပတ်တရက် အပြင်ပေးထွက်တဲ့အချိန်မှာ အဲဒီလူတွေ အလစ်အရောက် ကားတစီးပေါ် ရအောင်ပြေးတက်ပြီး အိမ်နဲ့ အဆက်အသွယ်လုပ်ခဲ့ပါတယ်လို့ ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးက ဆက်လက်ပြောကြားပါတယ်။
တရုတ်နယ်စပ်နဲ့ နီးလေလေ ကျဖြန့်လုပ်ငန်း မြန်မာလုပ်သားအများစုဟာ အလုပ်ရမယ်လို့ လိမ်လည်ခေါ်ခံရပြီး အနှိပ်စက်ခံရတာ၊ လူကုန်ကူးခံရတာနဲ့ ခန္ဓာကိုယ်အတွင်း ကလီစာတွေ ထုတ်ယူရောင်းချခံရတာ စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီ လူကုန်ကူးခံရတဲ့အထဲမှာ မြန်မာအများဆုံးဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်းလူမျိုး တချို့လည်း လူကုန်ကူးခံရတာတွေ ရှိပါတယ်။
ကျဖြန့်လုပ်ငန်းအတွေ့အကြုံတွေကို အဆင့်မြှင့်ဖို့အတွက် ဒီပလိုမာသင်တန်းတွေ ပေးတာမျိုးလည်း ရှိပါတယ်။ အဲဒီသင်တန်းတွေကို မြဝတီမြို့ ရွှေကုက္ကိုလ်မှာ ဖွင့်လှစ်ထားတာကို ကျဖြန့်လုပ်ငန်းနဲ့ နီးစပ်သူ ပြောကြားချက်အရ သိရပါတယ်။
အနှစ်ချုပ်
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းကာလ ကြာမြင့်တဲ့အခါ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်နဲ့ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာသွားတာတွေကြောင့် နိုင်ငံတွင်း အလုပ်အကိုင် ရှားပါးတဲ့ ပြသနာတွေ လူငယ်တော်တော်များများ ရင်ဆိုင်နေရပါတယ်။
အလုပ်အကိုင် ရှားပါးလာတဲ့အခါ လူငယ်တချို့မှာ လစာများများရတဲ့ မက်လုံးပေးဒဏ် ခံနိုင်ခြင်းမရှိဘဲ ကျဖြန့်အလုပ်တွေကို လုပ်ကိုင်ဖို့အတွက် စိတ်အားထက်သန်သူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ တရုတ်သံအမတ်ဟာ နေပြည်တော်မှာ မြန်မာစစ်ကောင်စီနဲ့ အဆိုပါ ကျဖြန့်လုပ်ငန်းတွေဖြစ်တဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေနဲ့ အွန်လိုင်း လောင်းကစားလို ရာဇဝတ်မှုတွေကို အမြစ်ဖြတ်တိုက်ဖျက်ဖို့ အထူးညှိနှိုင်းဆွေးနွေးခဲ့တာကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ တရုတ်နိုင်ငံစိုးရိမ်မှုတွေကို မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်ဖို့နဲ့ အဆိုပါ လိမ်လည်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ပုံရိပ် ကျဆင်းစေတာကြောင့် နှိမ်နင်းတိုက်ဖျက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
အခုလို ပြောကြားခဲ့ပေမဲ့ စစ်ကောင်စီလက်အောက် ရဲတွေဟာ ကျဖြန့်လုပ်ငန်းတွေနဲ့ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို မသိကျိုးကျွံ ပြုလုပ်ထားသကဲ့သို့ ရှိနေပါတယ်။
သြဂုတ်လ ၁၉ ရက်နေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကျဖြန့်လုပ်ငန်းနဲ့ အဲဒီလုပ်ငန်းရဲ့ ဆက်စပ်ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့အတွက် မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လာအို ၄ နိုင်ငံပေါင်းပြီး ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဌာနကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာ အခြေစိုက်သွားမှာ ဖြစ်ပါတယ်။ စစ်ဆင်ရေးအဓိက ရည်မှန်းချက်က ကျဖြန့်လုပ်ငန်း အစပြုတဲ့ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ ရာဇဝတ်မှုတွေကို အရှိန်မြှင့်ပြီး တိုက်ဖျက်ဖို့အတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ မြန်မာနိုင်ငံမှ ကျဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၆ ဦးကို တကြိမ်နဲ့ သြဂုတ်လမှာ တရုတ်နိုင်ငံသား ၂ ဦးကို တကြိမ် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ်ရဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းကို အခြေပြုထားတဲ့ ကျဖြန့်လုပ်ငန်းတွေကြောင့် ခိုင်းစေခံရတဲ့လူတွေအကြောင်း ရိုက်ကူးထားတဲ့ “No More Bets” တရုတ်ဇာတ်လမ်းကို ကမ္ဘာ့ရုံအများအပြားမှာ ရုံတင်ခဲ့ပြီး လတ်တလော China Box office ရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှု ရနေပါတယ်။
အဲ့ဒီဇာတ်လမ်းမှာ ကျန့်ယီရှင်း (EXO-Lay) ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ဆောင် နှစ်ယောက်ဟာ လောဘကြောင့် လူကုန်ကူးခံရပြီး ကျဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အောက် ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်စခန်းမှာ ပိတ်မိနေပြီး လိမ်လည်သူအဖြစ် ခိုင်းစားခံရပုံကို ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ကြောင့် မြန်မာနိုင်ငံကို တရုတ်ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဝန်လေးနေကြပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံမှ အစပြုဝင်ရောက်လာတဲ့ ကျဖြန့်လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံ လာလည်တဲ့အခါ သူတို့ လူကုန်ကူးခံရမယ့် စိုးရိမ်စိတ်မှာ ရယ်စရာနည်းနည်းကောင်းသလို ရင်နာဖို့လည်း ကောင်းပါတယ်။
ကျဖြန့်လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်အကျပ်ကိုင် စေခိုင်းခံရတဲ့သူ မြန်မာမှာ ၁၂၀,၀၀၀ ခန့်နဲ့ ကမ္ဘောဒီးယားမှာ ၁၀၀,၀၀၀ နီးပါး ရှိနေတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပထမဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ ကမ္ဘာတဝန်း ကျဖြန့်လုပ်ငန်း အွန်လိုင်းလိမ်လည်မှုတွေက ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ ခန့်မှန်းထားကာ နောက်ပိုင်းမှာ ပမာဏ ပိုတိုးလာနိုင်ပါတယ်။
အဆိုပါ ကျဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကပ်ဘေး ဖြစ်ပွားချိန်ကစပြီး အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ရွှေအိမ်စည်