ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက နေအိမ်တလုံးနဲ့ စက်သုံးဆီဆိုင်တဆိုင်ကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ လာရောက် ဖျက်ဆီးသွားပြီး ဆီဆိုင်ဝန်ထမ်းအယောက် ၂၀ လောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။
ဇင်ယော်စက်သုံးဆီ အရောင်းဆိုင်ဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပတ်သက် ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဆီဆိုင်နဲ့ နေအိမ်ကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့ပြီး ဆီဆိုင်ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကောင်းမြို့ခံတဦးက "ဓာတ်ဆီဆိုင်ကို စက်တင်ဘာ ၂ ရက်နေ့က ဘူဒိုဇာနဲ့ အရင်ဖြိုတယ်။ ဝန်ထမ်းအယောက် ၂၀ လောက်ကိုလည်း ဖမ်းသွားတယ်။ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက နေအိမ်ကို ဘူဒိုဇာနဲ့ ထပ်ဖြိုတယ်။ ဆီဆိုင်ပိုင်ရှင်တွေက PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး ဘူဒိုဇာနဲ့လာဖျက်သွားတာ ပိုင်ရှင်တွေကတော့အိမ်မှာမရှိတော့ဘူး"လို့ ပြောပါတယ်။
သြဂုတ် ၁၉ ရက်က မိုးကောင်းမြို့ အထက်တန်းကျောင်းအနီး ကျောင်းကြိုတဲ့စစ်ကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒီနောက် စစ်ကောင်စီတပ်က မိုးကောင်းမြို့ခံ အရပ်သားပြည်သူ ၇၀ ကျော်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေအထဲက အသက် ၄၀ ကျော် အရွယ် ဦးဝဘော်တန်ဂွမ်း ရိုက်နှက် စစ်ဆေးခံခဲ့ရကာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။