Home
ဆောင်းပါး
အဖိနှိပ်ခံလူထု အစဥ်နိုးထ စစ်ဘုရင်ဝါဒ ဆန့်ကျင်ကြ
DVB
·
September 4, 2023
Article 3

တော်လှန်ရေးက တရွေ့ရွေ့နဲ့ ရှေ့ရောက်လာတာတော့ အမှန်ပါပဲ။ ရှေ့ရောက်လာတာ မှန်ပေမဲ့ ကျနော်တို့ရောက်တဲ့ရှေ့ဟာ လူထုအကျိုးစီးပွားကို ဖော်ဆောင်တဲ့ ဖြစ်စဥ်တွေပဲ ဖြစ်ဖို့လိုပါတယ်။ ဘယ်အရာမှ ရပ်တန့်နေတာ မဟုတ်တဲ့အတွက် ရှေ့ကိုတော့ ရွေ့စမြဲပါပဲ။ ဖောက်ပြန်တဲ့၊ လူထုကိုဆန့်ကျင်တဲ့ ဖြစ်စဥ်တွေဆီ ရွေ့မသွားဖို့ဘဲ လိုတာပါ။

မပြော၊ မပြီး ဆိုသလိုပဲ ငြိမ်းမောင်ကတော့ ပြောရပါဦးမယ်။ တော်လှန်ရေးကို ဝေဖန်ရေးပေးတိုင်း သွေးခွဲတယ်တို့၊ ဒလန်လုပ်နေတာတို့ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဝေဖန်ခံရသူတွေရဲ့ မဖြစ်ညစ်ကျယ် အကာအကွယ်တွေပါပဲ။ သေးသိမ် နုပ်ဖျင်းမှုပါ။ အချင်းချင်း ထောက်ပြဝေဖန်မှုမရှိတဲ့ တော်လှန်ရေးဟာ ဆယ်ကမ္ဘာတိုင်လည်း မအောင်ပါဘူး။ ဒါ့ကြောင့် ငြိမ်းမောင် ဝေဖန်ရပါဦးမယ်။

ပထမအချက်အနေနဲ့ မူဝါဒခိုင်မြဲဖို့ ကိစ္စပေါ့။ ကျနော်တို့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင် တော်လှန်ရေးကြီး အတွင်းမှာ ဘယ်တော့မှ နောက်ဆုတ်ပေးလို့မရတဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ထားရပါမယ်။ ကျနော် တွေ့မြင်နေရတာတချို့ ပြောပြပါဦးမယ်။ ကျနော်တို့ တော်လှန်ရေးဘက်တော်သားထဲက ကြွက်ချေးတချို့ ပြည်သူအပေါ် နိုင်ထက်စီးနင်း ထင်သလို ပြုကျင့်နေတာတွေကို တက်ကြွလှုပ်ရှားသူတွေက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အာဏာပိုင်တွေကို တိုင်ကြားတဲ့အခါ အဲဒီဒေသ မြို့နယ်တော်လှန်ရေးအာဏာပိုင်အဖွဲ့က “တော်လှန်ရေးကာလ ဖြစ်နေလို့ ခေတ္တရပ်ဆိုင်းထားပြီး တော်လှန်ရေးပြီးမှ ဆက်လက် အရေးယူမယ်” လို့ ဆိုပါသတဲ့။ ဒါ လုံးဝ သဘာဝမကျပါဘူး။ သူတို့ဆုံးဖြတ်လိုက်တဲ့ သဘောကတော့ တော်လှန်ရေးမပြီးမချင်း လူထုက တော်လှန်ရေးဘက်က ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေးကောင်တွေ ပြုသမျှ နုရတော့မယ်ဆိုတဲ့သဘော သက်ရောက်နေတာပါ။

ကျနော်တို့ဟာ တော်လှန်ရေးကာလမှာ တချို့အမှုကိစ္စတွေ ရပ်ဆိုင်းထားလို့ ရပါတယ်။ ဥပမာ အမွေဆိုင်အမှုတို့၊ လင်မယားကွဲတဲ့အမှုတို့၊ ကျောင်းမြေနေရာကိစ္စတို့ ဒါမျိုးအမှုတွေက ရပ်ဆိုင်းထားလို့ ရပါတယ်။ သို့သော် လူ့အခွင့်အရေးအမှု၊ အာဏာတလွဲအသုံးပြုမှု ကိစ္စတွေဟာ ချက်ချင်းဆိုသလို အပြစ်ပေး အရေးယူရမှာပါ။ 

ကျနော်တို့တိုက်ပွဲဟာ လူထုလွတ်မြောက်ရေး ဒီမိုကရေစီတိုက်ပွဲပါ။ တိုက်ပွဲရဲ့ အန္တိမ ရည်ရွယ်ချက်တွေဖြစ်တဲ့ လူထုဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်မှု၊ စီးပွားရေးလွတ်လပ်မှု စတာတွေကို ထိခိုက်လာရင် သေဒဏ်အထိ အရေးယူရပါမယ်။ ဒါဟာ လူထုခုံရုံးပါပဲ။ လူထုကို နည်းအမျိုးမျိုး ဒုက္ခပေး စော်ကားနေတဲ့ ဗမာစစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရား၊ စစ်အုပ်စုထောက်တိုင် (ခရိုနီ၊ အရင်းရှင်၊ ဓနရှင်) တွေကို လူထုခုံရုံးကြီးက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီပြစ်ဒဏ်ကို အကောင်အထည်ဖော်ဖို့ လူထုကတော်လှန်ရေး လက်နက်ကိုင် တပ်တွေကို ရင်ဝယ်သားသကဲ့သို့ တူမီးကလေး၊ မိုင်းကလေးကစလို့ (တနည်းအားဖြင့်) ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်က စလို့ ပြုစုပျိုးထောင်လာခဲ့ကြတာပါ။

လူထုက ဦးဆောင်တဲ့ တော်လှန်ရေးကြီးမှာ လူထုအငြိုအငြင်ခံလို့ တစက်မှ မရပါဘူး။ စစ်ကောင်စီ ရန်သူတပ်ရဲ့ အမူအကျင့်၊ ဓလေ့စရိုက်တွေ တခုမှ ယူဆောင်လို့ မရပါဘူး။ လူထုကြီးရဲ့စိတ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေရဲ့ကြားက ကွဲပြားခြားနားမှုကို လယ်ပြင်က ဆင်လို ထင်ရှားအောင် သိနေ၊ မြင်နေရမယ်။ ဒါမှ တော်လှန်ရေးကို ပြတ်ပြတ်သားသား ထောက်ခံရမယ့်အကြောင်း သိရှိ လက်ခံလာမှာ ဖြစ်တယ်။

သေချာတွေးကြည့်ရမယ်ဆိုရင် နှိုင်းယှဥ်ချက်တွေ ထုတ်ရပါမယ်။ စစ်ကောင်စီတပ်ဟာ လက်နက်အင်အား အင်မတန်ပြည့်ဝသလို ကြည်းတပ်၊ ရေတပ်၊ လေတပ် စတဲ့ စစ်ဆင်ရေးကြီး အမျိုးမျိုး ဖွဲ့စည်းတည်ဆောက်ထားနိုင်တယ်။ လူအင်အားနဲ့ အခြေစိုက်စစ်စခန်း အများအပြားကို အခိုင်အခံ့ တည်ဆောက်ထားနိုင်တယ်။ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်း အားလုံးနီးပါး ချုပ်ကိုင်ထားနိုင်တယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ လက်နက်အင်အား နည်းပါးသေးတယ်။ လူအင်အားများတယ်။ စစ်ပညာရည် မပြည့်ဝသေးဘူး။ အခြေစိုက်စခန်း အများစုကလည်း ပြောက်ကျားအဆင့်တွေပဲ ဖြစ်တယ်။ ကျေးလက်ဒေသတွေကို အဓိကထိန်းချုပ်ထားပြီး အဓိက ကုန်သွယ်ရေး လုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေကို ရံဖန်ရံခါ လုံခြုံရေးအရ ခြိမ်းခြောက်ထားနိုင်ပေမဲ့ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။

ဒီလိုဆို လူထုက ဘာ့ကြောင့် တော်လှန်ရေးတပ်တွေကို တခဲနက် ထောက်ခံနေကြတာလဲ။ အချက်အလက်တွေ နှိုင်းယှဥ်ချက်အရ စစ်ကောင်စီတပ်က သေချာပေါက် အားသာနေတာပါ။ သို့သော် တခုတည်းသော ကွာဟချက်ဟာ နိုင်ငံရေးအတွေးအခေါ်ပါပဲ။ တော်လှန်ရေးတပ်တွေဟာ ဒီမိုကရေစီကို လက်ကိုင်ပြုပြီး နိုင်ငံတော်သစ်ကို ထူထောင်မှာ ဖြစ်တယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလတရား ၃ ပါးကို မြဲမြဲဆုပ်ကိုင်တယ်။ စစ်ကောင်စီတပ်ဟာတော့ လူတစု တဖွဲ့ရဲ့ ထိန်းချုပ်မှုကို ဗဟိုပြုတယ်။ စစ်ဗိုလ်တစုနဲ့ သူတို့ရဲ့ နောက်ခံအင်အားဖြစ်တဲ့ (သူ့တို့ကိုယ်တိုင်လည်း ဖြစ်နေတဲ့) ခရိုနီအရင်းရှင်တွေရဲ့ ဆန္ဒအတိုင်း အဖိနှိပ်ခံလူထုကို ဖိနှိပ်ချုပ်ချယ်မယ်။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတဲ့ လူထုကို ဆန့်ကျင်ရေးမူဝါဒတွေ ကိုင်စွဲတယ်။ နိုင်ငံတော်ကြီးကို တပ်မတော်ကပဲ လွတ်လပ်ရေးယူပေးတယ်။ တပ်မတော်ကပဲ ကာကွယ်တယ်။ တပ်မတော်ကပဲ တည်ဆောက်ထိန်းကျောင်းပေးထားတယ်။ တပ်မတော်မရှိလို့ မဖြစ်ဘူးဆိုတဲ့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသလိုမျိုး ဖောက်ပြန်တဲ့ အတွေးအခေါ်ပေါ်မှာ ရပ်တည်တာဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ ကွာဟမှုဟာ ဒီမိုကရေစီ အဖိနှိပ်ခံတွေ အခွင့်အရေးနဲ့ လူထုကို မျက်နှာမူတဲ့အချက်ပဲ။ အဲဒီအချက်ကို ကျနော်တို့ဟာ သံမဏိလို ခိုင်ခိုင်မာမာ ကိုင်စွဲထားရမယ်။ တလက်မလောက်တောင် အစွန်းထင်း၊ အယုတ်လျော့ မခံရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအချက်မှ မှေးမှိန်သွားရင် ဒုတိယ ဖောက်ပြန်သော တပ်မတော်အသစ်ကလေး ဖြစ်လာမှာပဲ။ လူထုကလည်း ဘူချင်းတူတူလို့ပဲ တွက်ဆပြီး တော်လှန်ရေးကို စိတ်ကုန်သွားနိုင်တယ်။

အခု ဖောက်ပြန်နေတဲ့ တပ်မတော်ဟာလည်း တချိန်က လွတ်လပ်ရေးတိုက်ပွဲဝင်နေတုန်းကဆို လူထုရဲ့ နှလုံးသည်းပွတ် ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ လူထုက နည်းနည်းမှ အမှားမခံဘူး။ သူတို့ကို ဖိနှိပ်လာရင် ပြန်ဆော်တာပဲ။ တော်လှန်ရေးထဲက တပ်တွေ ဖောက်ပြန်ပြီး ဒေသခံ စစ်ဘုရင်တွေ ဖြစ်လာရင်လည်း လူထုက သေချာပေါက် ပြန်ဆော်မှာပါ။

နိဂုံးချုပ်ချက်ပေးရရင် တော်လှန်ရေးရဲ့ အတွင်းအနှစ်သာရ မူဝါဒတွေကို တပြားသားမှ အလျော့မပေးဘဲ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ လိုတယ်။ ရန်သူတပ်ကလည်း လက်နက်ကိုင်တပ်၊ မိမိတို့ဟာလည်း လက်နက်ကိုင်တပ်ဆိုတော့ တူသယောင်ရှိပေမဲ့ အကုန် ခြားနားနေရမယ်။ စစ်ကောင်စီတပ်ဟာ ညွန်ဗွက်ဖြစ်ပြီး မိမိတို့ တော်လှန်ရေးတပ်တွေဟာ ညွန်ဗွက်ထဲ ရှိနေသယောင်ထင်ရတဲ့ အမှန်စင်စစ် ကောင်းကင်မှာ ထွန်းလင်းနေတဲ့ လစန္ဒာအဖြစ် အစဥ်ထွန်းလင်းတောက်ပနေရမယ်။

အဖိနှိပ်ခံတွေ လွတ်မြောက်ဖို့၊ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကြီး ဆုံးခန်းတိုင် ဆင်နွှဲနိုင်ဖို့၊ အာဏာရှင်၊ အရင်းရှင်၊ ဓနရှင်တွေ မုချကျဆုံးဖို့ လူထုက လိုလားသော၊ လူထုက အားသွန်ခွန်စိုက် ပါဝင်ကူညီသော ပြည်သူချစ်တပ်မတော်ဖြစ်ဖို့ လိုအပ်ပါကြောင်း ကဗျာလေးတပိုဒ်နဲ့ အဆုံးသတ်လိုက်ပါတယ်။

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်

ပြည်သူ့ခွန်အား မကိုးစားလျှင်

ဓားသွားလည်းကြွေ လှံလည်းခွေအံ့။

-လက်ဝဲသုန္ဒရ

ငြိမ်းမောင် (ပ.တ.တ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024