တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ လူတွေ တရားမဝင်နေထိုင်တဲ့ အဆောက်အအုံ တခု ကြာသပတေးနေ့က မီးလောင်လို့ သေဆုံးသူ ဦးရေဟာ စက်တင်ဘာ ၃ ရက်မှာတော့ ၇၆ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။
ဒေသန္တရ အာဏာပိုင်တွေက မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ ဆေးရုံမှာ ဒဏ်ရာရသူ နှစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေးဌာနက အတည်ပြုပြီးတဲ့နောက် မတော်တဆမှုမှာ သေဆုံးသူ ၇၆ ဦးအထိ ဖြစ်သွားခဲ့ပါတယ်။
မီးမလောင်ခင်က အဆောက်အအုံထဲမှာ လူ ၂၀၀ လောက် နေထိုင်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး နောက်ထပ် ထိခိုက်မှု မရှိသေးပါဘူး။
သောကြာနေ့က ကယ်ဆယ်ရေးလုပ်ငန်းပြီးမြောက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို နိုင်ငံရဲ့ အမျိုးသားရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီး တရက်ကြာထိ အသက်ရှင် ကျန်ရစ်သူ တချို့က မီးလောင်ပြင်နားမှာ ရှိနေကြဆဲပါ။
မီးလောင်မှုကြောင့် မိသားစု ၂၀၀ ကျော် ထိခိုက်ခဲ့ပြီး တခြားနေရာ ထိုင်ခင်းတွေ ပေးထားတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူ အများအပြားက ဘာအကူအညီမှ မရရှိသေးဘူးလို့ မီးသင့် အဆောက်အအုံထဲမှာ နေဖူးသူ မာဟန်ဂူလာက ပြောပါတယ်။
တချိန်တည်းမှာ စိတ်ဆင်းရဲနေတဲ့ ဆွေမျိုးတွေက သူတို့ချစ်ခင်ရသူတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ မီးလောင်ပြင်ဆီ ရောက်လာခဲ့ပါတယ်။
အပျက်အစီးတွေ ကြီးကျယ်လာတာနဲ့အမျှ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ မီးလောင်ပြင်ဆီ ရောက်လာပြီး နောက်ဆက်တွဲ အဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ သက်သေခံခဲ့ပါတယ်။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း အဆောက်အအုံထဲမှာ နေဖူးတဲ့ အထောက်အထားမဲ့ နေထိုင်သူတွေကို ကူညီဖို့ ဝင်ရောက်လာခဲ့ကြပါတယ်။
Source/Photo-Reuters