မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကန်တော်နီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းဝင်း ကနေ ထွက်ခွာသွားပေးဖို့ စက်တင်ဘာ ၃ ရက်မှာ ကျောင်းထိုင်ဆရာတော်နဲ့ ဒေသခံတွေက တောင်းဆိုခဲ့တယ်လို့ သိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက ကန်တော်နီကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှာ စကခ ၈ လက်အောက်ခံ ခမရ ၄၁၀ တပ်ရင်းက တပ်ရင်းမှူး နေမင်းစိုး ဦးစီးတဲ့ လှုပ်ရှားစစ်ကြောင်း ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ဩဂုတ်လ တတိယပတ်ကစတင်ပြီး ကျောင်းဝင်းအတွင်းတပ်စွဲနေတာ ရက်ပေါင်း ၄၀ ကျော်ကြာမြင့်လာပြီဖြစ်ကာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားလာရင် ထိခိုက်ပျက်စီးနိုင်တဲ့အပြင် ရွာသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒါအပြင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအုပ်စု သံဃနာယက ဆရာတော်ကြီးက ဘုန်းကြီးကျောင်းအတွင်းကနေ ထွက်ခွာပေးဖို့ ထပ်မံမေတ္တာရပ်ခံခဲ့ရာ တပ်ရင်းမှူး နေမင်းစိုးက ထွက်သွားပေးမယ်ပြောဆိုခဲ့ပြီး ဒီကနေ့အထိ ကန်တော်နီ ဘုန်းကြီးကျောင်ဝင်းအတွင်းမှာ တပ်စွဲထားမြဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ထွက်သွားပေးဖို့ ဆရာတော်က မေတ္တာရပ်ခံတယ်။ နောက် ကျေးရွာက ကျောင်းဒါယကာ ဒါယိကာမတွေကော ငိုပြီးတောင်းပန်တယ်။ ဒါလည်း မထွက်သွားဘဲ တပ်စွဲနေတုန်းပဲ။ ဒေသခံတွေက သူတို့တပ်တွေရှိနေရင် စိုးရိမ်ကြောက်လန့်နေတာ။ ဘယ်အချိန် ဖမ်းခံရမလဲ။ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ စိုးရိမ်တာ။ စစ်တပ်က ယုံရတာမဟုတ်ဘူး” လို့ ပြောပါတယ်။
တပ်မဟာ ၁ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ရာ ဆက်သွယ်လို့ မရခဲ့ပါဘူး။