စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ရှိမ်းမကားရဲစခန်းကနေ ဒီနေ့ စက်တင်ဘာ ၃ ရက် နေ့ခင်း ၁ နာရီအချိန်လောက်က ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရှိမ်းမကားဒေသခံ အမျိုးသားတယောက်က “အသက် ၃၄ နှစ်အရွယ် အမျိုးသမီးပါဗျ။ ဘယ်ကိုမှန်တာလဲဆိုတော့ လက်ကိုထိမှန်တာ။ လက်ကတော့အရိုး ကြေသွားတယ်။ ပစ်ခတ်တဲ့ လက်နက်အမျိုးအစားက ဘယ်လိုလက်နက် အမျိုးအစားလဲ ဆိုတာတော့ ကျနော်တို့က အရပ်သားဖြစ်တော့ အတိကျမသိရဘူး။ ပစ်တာကတော့ ရှိမ်မကားရဲစခန်းကနေ ပစ်တာတော့ အတိကျသိတယ်” လို့ ပြောပါတယ်။
ရှိမ်မကားရဲစခန်းက အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာဟာ အခုရက်ပိုင်း အကြိမ်အရေအတွက် ပိုစိပ်လာတာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကလည်း ရှိမ်းမကားရဲစခန်းက ရဲနဲ့ စစ်သားတွေဟာ သေနတ်တွေရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး သဲဘုတ်ကုန်းက ပြည်သူတွေရဲ့အိမ် ၅ လုံးနဲ့ ရှိမ်းမကားဈေးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။