စူပါတိုင်ဖွန်းမုန်တိုင်း ဆေအိုးလာဟာ စက်တင်ဘာ ၂ ရက် အစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းရဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်သွားပြီး လူပေါင်း ၇ သိန်းကျော်ကို ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ရပါတယ်။
မုန်တိုင်းကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ပြီး၊ လူတွေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတာနဲ့ စီးပွားရေး လုပ်ငန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ငွေကြေးဈေးကွက်တွေကို ပိတ်ထားခဲ့ရပါတယ်။
တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ အန္တရာယ်များတဲ့နေရာတွေမှာ လူပေါင်း ၇၈၅,၁၅၅ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး မြို့ကြီး ၁၃ မြို့မှာ နွေရာသီကျောင်းပိတ်ရက်အပြီး စက်တင်ဘာ ၁ ရက်မှာ စတင်တဲ့ ကျောင်းဖွင့်ချိန်ကို နောက်ဆုတ်ခဲ့ရပါတယ်။
ကွမ်တုန်းကမ်းလွန်မှာ လှည့်လည်ငါးဖမ်းနေတဲ့ ငါးဖမ်းသင်္ဘော ၈၅,၀၀၀ နီးပါးဟာလည်း ဆိပ်ကမ်းကို ပြန်ဝင်ရောက်လာခဲ့ကြပါတယ်။
ကွမ်တုန်းရှိ တိုင်းရှန် နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ ပြင်ပလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး အရေးပေါ် ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။
တိုင်ဖွန်းဆေအိုးလာဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်တို့မှာ ဖြစ်ပေါခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်း ၃ ခုထဲက တခု ဖြစ်ပါတယ်။
ဒုတိယမြောက်မုန်တိုင်း ဟိုက်ကွီကတော့ ထိုင်ဝမ်ကို ချဉ်းကပ်နေပြီး တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ်ဖက်ကို မသွားခင် စက်တင်ဘာ ၃ ရက်မှာ ကျွန်းကို ဝင်ရောက်မယ့်ပုံ ရှိနေပါတယ်။
Source/Photo-Reuters