Home
မြန်မာသတင်း
အခွန်လွတ်တင်ပို့ခွင့်ကာလပြီးဆုံး၍ ထိုင်းကို ပြောင်း ပို့ခွင့်မရတော့
DVB
·
September 2, 2023
373692814_6449847365063527_4308310743353383804_n

ပြောင်းတွေ ထိုင်းနိုင်ငံကို အကောက်ခွန်ကင်းလွတ်ခွင့် တင်ပို့မှုကာလဟာ ဩဂုတ် ၃၁ ရက်နေ့မှာ ပြီးဆုံးသွားပြီး စက်တင်ဘာ ၁ ရက်နေ့ကစလို့ တင်ပို့ခွင့်လည်း မရတော့ဘူးလို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်းဆီကနေ သိရပါတယ်။

အသင်းတာဝန်ရှိသူတယောက်က “ထိုင်းကိုတော့ လုံးဝ တင်ပို့လို့မရတော့ဘူး။ တရုတ်ကို တင်ပို့ရတော့မယ်ပေါ့။ တရုတ်ဘက်ကို တင်သွင်းရင်လည်း ဒီဘက်မှာ သတ်မှတ်ထားတဲ့ မူဝါဒတွေကြောင့် ပြောင်းဈေးက ထိုင်းဘက်ကလောက် ဈေးက ရနိုင်မှာမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ မူဝါဒတွေ ဖြေလျှော့ပေးမှသာ ဈေးကရမှာ" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရင် အကောက်ခွန် ၇၂ ရာခိုင်နှုန်း ပေးဆောင်ရတဲ့အတွက် အကောက်ခွန်ကင်းလွတ်ချိန်မှပဲ အဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံကို ပြောင်းတင်ပို့တာအတွက် ဖေဖော်ဝါရီလကနေ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပေးထားခဲ့ပြီး လာမယ့် ၂၀၂၄ မှာမှ ပြန်လည် တင်ပို့ခွင့်ရတော့မှာပါ။

လက်ရှိမှာတော့ မြန်မာ့ပြောင်းတွေကို တရုတ်၊ ဖီလစ်ပိုင်နဲ့ ဗီယမ်နမ်နိုင်ငံတို့ကို တင်ပို့သွားဖို့ရှိပါတယ်။

စိုက်ပျိုးတင်ပို့ရောင်းချသူ ပြောင်းကုန်သည်တယောက်က “ပြောင်းက လာမယ့်လဆိုရင် အသစ်တွေထွက်တော့မှာ။ အသစ်တွေထွက်လာတဲ့အချိန် တင်ပို့မှုကသိပ်မရှိဘူးဆိုရင် ဈေးတွေက ကျဆင်းသွားဖို့ပဲ ရှိတယ်။ ဒီလိုပဲ ကိုယ့်ဘက်က ဈေးနဲ့ ညှိပြီး ပို့ကြရတာပေါ့။ တရုတ်ဘက်ကလည်း သူတို့ လိုအပ်တဲ့အချိန်ဆိုရင် ဈေးကောင်းပေးတယ်။ မလိုဘူးဆိုရင် ဈေးတွေ လျှော့တယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာတော့ လက်ရှိပြောင်းတန်ချိန် ၂ သိန်းလောက်ကျန်ရှိနေပြီး လာမယ့် စက်တင်ဘာလအတွင်း မိုးပြောင်းတွေ ထွက်ရှိလာမှာပါ။

ပြည်တွင်းပြောင်းတွေကို အခုအချိန်ထိ တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားပြီး ထိုင်းနိုင်ငံကို အများဆုံးတင်ပို့ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြောင်းတပိဿာကို ၁၁၉၀ ကျပ်ကနေ ၁၂၁၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ပြောင်းတပိဿာ ၁၀၀၀ ကျပ် နီးပါးပဲ ပေါက်ဈေးရှိပြီး ဒေါ်လာပေါက်ဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024